စစ်တွေမြို့နယ် မြစ်နားကျေးရွာအုပ်စု မင်းလှကျေးရွာအနီး၌ မေလ ၁၄ ရက် နံနက် ရနာရီခွဲအချိန်တွင် ရွှေပြည်တန်ရေယာဉ်၏ မောင်းနှင်မှု အရှိန်ကြောင့် စက်လှေတစ်စီ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာမှ ရဲယိုးပြင်ကျေးရွာ မင်္ဂလာဆောင်ပွဲသို့ စက်လှေဖြင့်သွားရောက်စဉ် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဇေယျကျေးရွာနှင့် စစ်တွေမြို့နယ် မင်းလှကျေးရွာကြား မင်းဂံချောင်းတွင် စစ်တွေမြို့မှ ရသေ့တောင်မြို့သို့သွားရောက်သည့်ခရီးသည်တင် ရွှေပြည်တန်အမြန်ရေယာဉ်၏အရှိန်ကြောင့် စက်လှေတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ စက်လှေပေါ်တွင် စပါးထားကျေးရွာမှ ဒေါ်လှနုပါ (၄)ဦး လိုက်ပါလာရာ တိမ်းမှောက်စဉ် မင်းလှကျေးရွာမှ ဒေသခံများ၏ ကူညီဆောင်ရွက် မှုကြောင့်ထိခိုက်မှုမရှိဘဲ စက်လှေပေါ်တွင်ပါလာသည့် ဖုန်း၊ အဝတ်အထည်နှင့် အခြားအသုံးအဆောင်ပစ္စည်းများ၊ Honda စက်တို့ နစ်မြုပ်သွားကြောင်းသိရသည်။

အဆုုိပါစက်လှေတိမ်းမှောက်မှု ဖြစ်ပွားရာသို့ စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဖြူချေနှင့် ကျန်းမာရေး ဌာနမှတာဝန်ရှိသူများသွားရောက်ပြီး စက်လှေတိမ်းမှောက်ရာတွင် ပါ၀င်သူ ဒေါ်လှနုပါ(၄)ဦး တို့အား မင်းလှကျေးရွာအတွင်းရှိ နေအိမ် တစ်လုံးတွင်ခေတ္တနေရာချထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများနှင့် လိုအပ် သည့် ကူညီမှုများပြုလုပ်ပေးခဲ့ကြသည်။ နံနက် ၁၀နာရီ ၂၀မိနစ်တွင် ဒေါ်လှနု ပါ(၄)ဦးတို့သည် မင်းလှကျေးရွာမှ စပါးထား ကျေးရွာသို့ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။