ကချင်ပြည်နယ်ရဲ့ ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီး ဆေးဘက်ဝင် တန်ဖိုးကြီးလှတဲ့ ရှီးပဒီးလို့ခေါ်ကြသော အကောင်တစ်ပိုင်း၊ နွယ်ပင်တစ်ပိုင်း အကြောင်းကို လက်လှမ်းမီသလောက် ရှာဖွေကြည့်ထားတာလေး ဖော်ပြချင်ပါတယ်။ ရေခဲတွေ ဖုံးလွမ်းနေတဲ့ တောင်တန်းကြီးတွေမှာ ဆေးဘက်ဝင်တဲ့ ရှားပါးသစ်ပင်များနဲ့ တိရိစ္ဆာန်များကို တွေ့ရှိရပါတယ်။ ဆောင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ကြတဲ့ ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာတဲ့ ဒီ ရှီးပဒီးဟာ အလွန်မြင့်မားတဲ့ ရေခဲတောင်တွေမှာသာ တွေ့ရှိရပါတယ်။ ပေပေါင်း များစွာ မြင့်မားတဲ့ ရေခဲတောင်တွေ ရှိရာ ဒေသဖြစ်တဲ့ ဟိမဝန္တာ တောင်တန်း ဖြာဆင်းရာ တရုတ်၊ တိဘက်၊ နီပေါ၊ ဘူတန်နဲ့ မြန်မာပြည်မြောက်ဖျား ရေခဲတောင်တန်းတွေမှာ တွေ့ရှိနိုင်ပါတယ်။ တရုတ် တိုင်းရင်း ဆေးဝါးတွေမှာ ထည့်သွင်းဖော်စပ်ကြပြီး စျေးလည်း အလွန်ကြီးတဲ့ ဆေးဘက်ဝင် အမျိုးအစား ဖြစ်ပါတယ်။

ရှီးပဒီးဖြစ်ပေါ်လာပုံက ထူးထူးဆန်းဆန်းလို့ ပြောရမှာပါဘဲ။ အကောင်မဖြစ်ခင် သန္ဓေ သားလောင်း ဖြစ်တဲ့ ပိုးဥကောင်လေးတွေဟာ ဆောင်းရာသီအချိန်မှာ အလွန် အေးလွန်းတာကြောင့် မြေကြီးထဲမှာ ဆေးဘက်ဝင် မဂျစ်ဥ၊ ခန်းတောက်မြစ် တို့ကိုစားသုံးပြီး ဆောင်းခိုနေခဲ့ပါတယ်။ အဲဒီလို ဆောင်းခိုနေတဲ့အချိန်မှာ ပိုးလောင်းကောင်လေးတွေဟာ မြေကြီးအောက်မှာ ငြိမ်သက်နေသော်လည်းကပ်ပါမှိုတစ်မျိုးရဲ့ တွယ်ကပ်ငြိတွယ်ခြင်းခံရပြီး ၄င်း ကပ်ပါးမှိုဟာ ပိုးလောင်းကောင်လေးတွေကို ဖုံးလွှမ်း သွားခဲ့ပြီး နွေရာသီရောက်ချိန်မှာ ပိုးလောင်းကောင်လေးများရဲ့ ဦးခေါင်းပေါ်ကနေ မြက်ပင်နဲ့ ဆင်တဲ့ ဦးချိုသဖွယ် အညှောင့်ကလေး ထွက်လာခဲ့ပါတယ်။ အဲဒီ အညှောင့်ကလေးတွေဟာ ၅စင်တီမီတာကနေ ၁၅စင်တီမီတာအထိ ရှည်လျားစွာ ထွက်ပေါ်လာတတ်ပါတယ်။ ဒေသခံတွေရဲ့ အဆိုအရတော့ အဲဒီအချိန်ဟာ ပိုးကောင်ဘဝကနေ နွယ်ပင်အဖြစ် ရှင်သန်ချိန်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဒါကြောင့်လည်း ရေခဲချိန်မှာ ပိုးကောင်၊ ရေခဲတွေ အရည်ပျော်ပြီး မြေကြီးတွေ မြင်ရချိန်မှာတော့ အပင် ဖြစ်လာတယ်လို့ ဆိုပါတယ်။

၄င်းရေခဲများ အရည်ပျော်ချိန်မှာ မြေအောက်က ပိုးလောင်းကောင်လေးတွေရဲ့ ဦးခေါင်းကနေ အပင်လေး ထွက်လာတဲ့အခါ ဒေသခံ တောင်ပေါ်သားများက ရှာဖွေ စုဆောင်း ကောက်ယူ ကြပါတယ်။ တောင်ပေါ်ဒေသတွေမှာ ရှေးယခင်ကတည်းက ဆေးဘက်ဝင်တယ်လို့ သိခဲ့ကြတာကြောင့်လည်း ၄င်း ပိုးကောင်လေးများကို ရှာဖွေ စုဆောင်းသူများပြားလှပါတယ်။ ကျန်းမာရေး အတွက် အလွန် အကျိုးပြုပြီး ဆေးဘက်ဝင်လှတဲ့ ရှီးပဒီး ပိုးကောင်လေးတွေဟာ စျေးကောင်းလည်း အလွန် ရပါတယ်လို့ သိရပါတယ် ။ ကျွန်မဖတ်မိတဲ့ စာလေးတစ်ခုမှာဆိုရင် အဲဒီ အကောင်လေး တစ်ကောင်ကို မြန်မာငွေ တစ်သောင်းခွဲခန့် ပေးရပြီး တစ်ပိသာကို အမေရိကန် ဒေါ်လာ ၃ဝဝဝဝ လောက် တန်ဖိုး ရှိတယ်လို့ ဆိုပါတယ်။ ပေ တစ်သောင်းကျော်မှာတွေ့ရတဲ့ ပိုးကောင်လေးတွေက ပိုပြီး စျေးကောင်းရတယ်လို့သိရပါတယ်။

ရှီးပဒီးခေါ် ပိုးနွယ်လေးရဲ့ အစွမ်းထက် ဆေးဘက်ဝင်မှုတွေက တော်တော်ကိုများပြားပါတယ်။ အရသာမှာ ချိုပြီးဆိမ့်တဲ့အရသာရှိတယ် ဆိုပါတယ်။ ၄င်းရှီးပဒီး ပိုးကောင်လေးတွေကို အခြောက်လှမ်းပြီး အမှုန့်ပြုလုပ်ကာ ရောင်းချတတ်ကြပါတယ်။ အဟာရဓာတ် ပါဝင်မှု များပြားတဲ့အတွက် ဖျားနာပြီး နလံထစလူနာတွေ အမြန်ဆုံး ကျန်းမာရေး ကောင်းမွန်လာစေခြင်း၊ ကျောက်ကပ်ကို ကောင်းမွန်စေခြင်း၊ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာများ ချောမွေ့စေခြင်း၊ ဓာတ်မတည့်ခြင်းကို သက်သာစေခြင်း၊ချောင်းဆိုး၊ ရင်ကြပ်ရောဂါများကို သက်သာစေခြင်း၊ ကင်ဆာဖြစ်ပွားခြင်းကို လျော့နည်းစေခြင်း၊ သွေးဥများကို တိုးပွားစေခြင်း သွေးရည်ကြည်အတွက် ပရိုတိန်းများ ဖြစ်ပေါ်စေခြင်း၊ သွေးဖိအား များခြင်း၊ နည်းခြင်းကို ပုံမှန်အတိုင်း ဖြစ်စေနိုင်ခြင်း၊ အမျိုးသားများအတွက် ခွန်အားတိုးပွားစေခြင်း၊ ကိုယ်ခံအားကို မြင့်မားစေခြင်း၊ အဆုတ်ရဲ့လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေခြင်း၊ အမျိုးသမီးများ ဓမ္မတာကောင်းမွန်စေခြင်း ၊ နုပျိုစေခြင်း၊ အရေးအကြောင်းများကို ပျောက်ကင်း သက်သာစေခြင်းစသဖြင့် အကျိုးများလှတယ်လို့ သိရပါတယ်။

ရှားပါးတာကြောင့်ရော ၊ ဆေးဘက်ဝင်တာကြောင့်အတွက်ပါ တန်ဖိုးကြီးလှပါတယ်။ နေ့စဉ်ပုံမှန် အားဆေး အဖြစ် သောက်သုံး ကြသူများလည်း ရှိကြပါတယ်။ ၄င်း ပိုးဆေးနွယ်( ရှီးပဒီး) များကို တရုတ်၊ ဂျပန်၊ ကိုးရီးယားစသည့်နိုင်ငံများက ဝယ်ယူကြကြောင်း သိရပါတယ်။ အချို့သော အားကစား သမားတွေ ဟာလည်း ကိုယ်ခံစွမ်းအားမြင့်မားပြီး အမောအပန်း ခံနိုင်ဖို့ရန်အတွက် ပိုးနွယ်ပင်ကို အမြဲတမ်း မှီဝဲ စားသုံးကြတယ်လို့ ဆိုပါတယ်။ အချို့သောသူတွေက စွပ်ပြုတ်ထဲ ထည့်ချက်ခြင်း၊ ၄င်း ရှီးပဒီး သက်သက်ကိုလည်း စားသုံးခြင်းများ ပြုလုပ်တတ်ကြပါတယ်။ တိဘက်ဒေသတွေမှာ ၄င်းဆေးပိုးနွယ်ကို အမြောက်အမြား ရှာဖွေရရှိပြီး ငွေကြေးစီးပွား တိုးတက်လာကြသူတွေ အများအပြား ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်ရဲ့ မြင့်မားလှတဲ့ ရေခဲတောင်တွေထက်မှာ ရှာဖွေတွေ့ရှိနိုင်တဲ့ အကောင် တစ်ပိုင်း နွယ်ပင်တစ်ပိုင်း ရှီးပဒီး ကို စနစ်တကျလေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ပြီး ယနေ့ ခေတ်စားလှတဲ့ ကိုရီးယားဂျင်ဆင်းတို့လို စီးပွားဖြစ် မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်မယ် ဆိုရင်တော့ ဒေသခံတွေအတွက် သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိတဲ့အပြင် ဝင်ငွေတိုးရုံသာမက၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေပါ ရရှိလာနိုင်ပါတယ်။

အမှန်က ပိုးကောင်လေးက သေပြီးနောက် ရုပ်ကြွင်းကို မှိုစွဲပါတယ်။ အဲ့မှိုကို အမှီပြု ပြီး အဲ့ရုပ်ကြွင်းကို အာဟာရ လုပ်ပြီး အပင်လေးပေါက်ပါတယ်။ ပိုးကောင်ဖြစ်လိုက် အပင်ဖြစ်လိုက် မဟုတ်ပါဘူး။ပိုးကောင် (ရုပ်/နမ် တွဲလျက် သက်ရှိ သတ္တဝါ) ဖြစ်လိုက် အပင် ဖြစ်လိ်ုက် ဆိုတာမျိုး မရှိပါဘူး။ သတ္တဝါ တစ်ပိုင်း အပင်တစ်ပိုင်း ဆိုတာ မဖြစ်နိုင် မရှိနိုင်သေးပါဘူး။ ဒါပေမယ့် အမှတ်မှားမှုပေါ့လေ။ သူက ပိုးကောင်သေကို အစာအဟာရလုပ်ပြီး ပေါက်လာတော့ အထင်လွဲစရာ ဖြစ်တာပါ။

Source : Sinchan Min & Sinchan Sxn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။