အခုခေတ်မှာ ကုမ္ပဏီတော်တော်များများဟာ “Contract” လို့ခေါ်တဲ့ ကုမ္ပဏီနဲ့ ဝန်ထမ်းကြား အလုပ်လုပ်ကိုင်တဲ့အခါ သဘောတူစာချုပ်တွေ ချုပ်ဆိုရတာ ရှားသွားပြီဆိုပေမယ့် တစ်ချို့လုပ်ငန်းတွေမှာတော့ ချုပ်ဆိုနေရတုန်းပါပဲ။ အဲဒီ့နေရာမှာ တစ်ချို့ကုမ္ပဏီတွေကတော့ တရားနည်းလမ်းကျ Win – Win Situation လို့ခေါ်တဲ့ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ စာချုပ်တွေ ရေးဆွဲကြပေမယ့် တစ်ချို့ကုမ္ပဏီတွေကတော့ အလုပ်လိုချင်နေတဲ့ ဝန်ထမ်းတွေရဲ့ အာသီသကို အခွင့်ကောင်းယူပြီး သာသာလေးနဲ့ နာနာလေးနှက်မယ့် စာချုပ်တွေကို လက်မှတ်ထိုးခိုင်းကြတဲ့အခါ နောင်တစ်ချိန် အလုပ်လုပ်လို့ကောင်းနေပြီဆိုတော့မှ အငြင်းပွားစရာကိစ္စတွေ မဖြစ်ရအောင် အလုပ်သဘောတူစာချုပ်တွေ မချုပ်ခင်မှာ ဘာတွေသိထားသင့်လဲ၊ ဘာတွေသတိထားသင့်လဲ ဆိုတာလေးတွေကိုတော့ မှတ်ထားကြရအောင်။

ရာထူးနဲ့ တာဝန်ဝတ္တရားများ

သင့်ရဲ့ ရာထူးနဲ့ ဘာလုပ်ရမလဲဆိုတဲ့ တာဝန်ဝတ္တရားတွေကို အရင်ဆုံးဖတ်ပါ။ မရေးထားရင် ကုမ္ပဏီကို ပြန်မေးပါ။ အလုပ်တစ်ခုမှာ ကိုယ့်ရာထူးက ဘာလဲ။ ကိုယ့်အောက်မှာ ဒါမှမဟုတ် အထက်မှာ ဘယ်လိုဝန်ထမ်းမျိုးတွေရှိလဲ။ ကိုယ်လုပ်ရမယ့် လုပ်ငန်းတာဝန်တွေက ကိုယ့်ကိုပေးထားတဲ့ ရာထူးနဲ့ ကိုက်ညီမှုရှိရဲ့လား။ မနိုင်ဝန်ထမ်းခိုင်းတာမျိုး ဖြစ်နေလားဆိုတာ အရင်ဆန်းစစ်ပါ။ သူပေးထားတဲ့ ရာထူးနဲ့တာဝန်တွေကို ကိုယ်လုပ်နိုင်ပြီဆိုမှ နောက်တစ်ချက်ကိုဆက်ဖတ်ပါ။ အရေးကြီးတာကတော့ “Office Staff” ဆိုတဲ့ ရာထူးဆို ပိုဂရုစိုက်ပါ။ “Office Staff” ဆိုတဲ့ နာမည်အောက်မှာ တောက်တိုမယ်ရ ပြာတာ ဖြစ်သွားတတ်ပါတယ်။

အလုပ်နေရာ

အလုပ်နေရာကလည်း အလုပ်လုပ်တဲ့နေရာမှာ အရမ်းအရေးကြီးပါတယ်။ ကိုယ်နေတဲ့နေရာနဲ့ နီးစပ်မှုှရှိရဲ့လား။ YBS တစ်ဆင့်ထဲရောက်ရဲ့လား။ အခက်အခဲကြုံရင် Taxi ငှားစီးဖို့ လွယ်တဲ့နေရာလား။ မိန်းကလေးတွေအတွက် အလုပ်နေရာက ညဘက်လူပျက်တတ်လားဆိုတာ လိပ်စာကြည့်ပြီး အရင်စဉ်းစားပါဦး။ တစ်ချို့လုပ်ငန်းတွေက အင်တာဗျူးသွားဖြေရတာ ဒါမှမဟုတ် အထက်အရာရှိတွေနဲ့တွေ့ပြီး စာချုပ်သွားချုပ်ရတာက ရုံးချုပ်တစ်နေရာ ကိုယ်အလုပ်ဆင်းရတာက ရုံးခွဲတစ်နေရာဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ကုမ္ပဏီလိပ်စာအပြင်ကို စာချုပ်မှာ လက်မှတ်မထိုးခင် ဘယ်မှာအလုပ်ဆင်းရမှာလဲ အရင်ဖတ်ပါ။ မပါရင် မေးဖြစ်အောင် မေးပါ။

လစာ၊အပိုဆုကြေးငွေနဲ့ အကျိုးခံစားခွင့်များ

လုပ်ငန်းသဘောတူစာချုပ်တစ်ခု ချုပ်ဆိုရာမှာ လစာ၊ ရက်မှန်ကြေးစတဲ့ အပိုဆုကြေးငွေများနဲ့ တစ်ခြားအကျိုးခံစားခွင့်တွေ ရေးပေးထားပါတယ်။ တစ်ချို့လုပ်ငန်းတွေက လစာနည်းပေမယ့် မကြာခဏ အပိုဆုကြေးပေးတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလို ဝန်ထမ်းဘက်က ရပိုင်ခွင့်တွေ စာချုပ်ထဲမှာ မပါဘူးဆိုရင်တော့ စဉ်းစားပါ။ ဒါမှမဟုတ် လစာကလည်း နည်း၊ အကျိုးခံစားခွင့်ကလည်း ဘာမှမရှိဘူးဆိုရင်တော့ အခုအချိန်မှာ အလုပ်မက်နေလို့ လက်ခံလိုက်ရင်တောင် ရေရှည်အလုပ်လုပ်ဖို့ အဆင်မပြေနိုင်ပါဘူး။

အလုပ်ချိန်နဲ့ အားလပ်ရက်

အလုပ်ချိန်ကလည်း အရေးကြီးတဲ့အချက်ထဲမှာ ပါတယ်နော်။ နောက်ပြီး အားလပ်ရက်တွေကို အပြည့်အဝရရှိနိုင်မှာလား။ အခါကြီးရက်ကြီးတွေမှာ ကြိတ်မှိတ်ပြီး အလုပ်လုပ်နေရမှာလား။ အလုပ်ချိန်နဲ့ အားလပ်ရက် ရပိုင်ခွင့်တွေကိုရော စာချုပ်ထဲမှာ ထည့်ရေးထားရဲ့လား စတဲ့ မေးခွန်းတွေက အရေးကြီးပါတယ်။ ကိုယ်လုပ်ရမယ့် အလုပ်ချိန်က ၈နာရီထက်ပိုနေမယ်ဆို ဒီစာချုပ်ကို ငြင်းဆန်ပါ။ အားလပ်ရက်တော့ ရှိပေမယ့် အိုတီဆင်းရတာများမယ်ဆိုရင်လည်း အိုတီကြေးဘယ်လောက်ရပါစေ ဒီစာချုပ်ကို ငြင်းဆန်ပါ။ လူဆိုတာ မနားပဲ အလုပ်လုပ်လို့ မရပါဘူး။ ရုံးတက်ချိန် ရုံးဆင်းချိန်က ကိုယ့်အတွက် သွားရလာရတာ အဆင်ပြေရဲ့လား စဉ်းစားပြီးမှ လက်မှတ်ထိုးပါ။

ဒီအချက်တွေက စာချုပ်မချုပ်ရတဲ့ ဝန်ထမ်းတွေအတွက် အရေးမကြီးပေမယ့်လည်း စာချုပ်ချုပ်လိုက်မိပြီဆိုရင်တော့ သတ်မှတ်ကာလမပြည့်ခင် အလုပ်ထွက်ရင် အလျော်အစားကြီးတဲ့အတွက် နောက်ဆုံးအနေနဲ့ အလုပ်သစ်ဝင်တော့မယ့်သူတွေကို သတိပေးချင်တာက စာချုပ်မှာ စည်းကမ်းတွေဖတ်ပါ။ ဘယ်နှနှစ်လုပ်ပေးရမလဲ ကြည့်ပါ။ ကိုယ်လုပ်နိုင်ရဲ့လား စဉ်းစားပါ။ သတိပေးလိုတာကတော့ ဒီစာချုပ်ကို ဖောက်ဖျက်တော့မယ်ဆိုရင် ကိုယ့်ဘက်က ဘာတွေပေးလျော်ရမလဲ သေချာဖတ်ထားပါ။ လက်မှတ်ထိုးပြီးတာနဲ့ မိတ္တူတစ်စုံတောင်းယူထားပါလို့ အကြံပေးပါရစေနော်။

Source : MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။