ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရန် အတွက် Yangon Water Bus ပြေးဆွဲရာတွင် ရေယာဉ်များ၏ အရည်အသွေးကို စစ်ဆေးမှုများပြုလုပ်၍ သတ်မှတ်စံချိန်စံညွှန်းပြည့်မီမှ သာ ပြေးဆွဲခွင့်ပြုသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောကြားသည်။

“ရေလမ်းခရီးသွားလာမယ့် ခရီးသည်တွေရဲ့ ဘေးအ္တရာယ်ကင်းရှင်းရေးကို ပထမဦးစားပေးအနေနဲ့ စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်၊ ဒီအတွက် ကိုယ့်အစီအစဉ်နဲ့ ဆောက်လုပ်တဲ့ သင်္ဘောဖြစ်စေ၊ နိုင်ငံခြားကတင်သွင်း လာတဲ့ သင်္ဘောဖြစ်စေ ကျွန်မတို့အနေနဲ့ လက်ခံနိုင်တဲ့ အရည်အသွေး မပြည့်စုံရင် လက်ခံမှာမဟုတ်ပါဘူး၊ အခုအချိန်ကတော့ တင်ဒါအောင်မြင် ထားတဲ့ ကုမ္ပဏီက သူစီစဉ်ထားတဲ့ အစီအစဉ်အတိုင်း တင်ပြနေမှာ ပါ။ ပြေးဆွဲမယ့် သင်္ဘောတွေရောက်ရှိလာရင်တော့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့အညီ ရှိ၊ မရှိ စစ်ဆေးသွားမှာဖြစ်ပါတယ်။

စံချိန်စံညွှန်းမမီရင်တော့ ပြေးဆွဲခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောကြားသည်။

ယနေ့ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်စတုတ္ထ ပုံမှန်အစည်းအဝေးတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ “Water Taxi ပြေးဆွဲရန် အတွက် မည်သည့်အချိန်က တင်ဒါခေါ်ယူခဲ့၍ ကုမ္ပဏီ ဘယ်နှခု ယှဉ်ပြိုင်ခဲ့ပါသနည်း။ ယခုရွေးချယ်ခဲ့သော ကုမ္ပဏီသည်မည်သည့် အချက်များ (Characteristics) နှင့် ပြည့်စုံ၍ ရွေးချယ်ခဲ့ပါသလဲ။ ရေလမ်း ခရီးကို အသုံးပြုနေရသော ပြည်သူများ အတွက် ဘေးအန္တရာယ် မဖြစ်ပေါ်စေရန် ၎င်းကုမ္ပဏီပိုင် ရေယာဉ်များမှာ မည်ကဲ့သို့ ဆောင်ရွက် ထားပါသနည်း။ ၎င်းကုမ္ပဏီပိုင် ရေယာဉ်များမှ တိုင်းဒေသကြီး အစိုးရအနေဖြင့် တစ်နှစ်လျှင် ငှားရမ်းခ အကျိုးအမြတ် မည်မျှရရှိမည်ကို သိရှိလိုကြောင်း” မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ၎င်းက ယင်းသို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

Yangon Water Bus ပြေးဆွဲရာတွင် ပြည်သူများ အဆင်ပြေစေရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် YRTA မှ မြန်မာနိုင်ငံရေကြောင်းသိပ္ပံ (ကျောင်းအုပ်ကြီးဟောင်း) ဒေါက်တာ ချာလီသန်းနှင့်အတူ ဆိပ်ကမ်းအာဏာပိုင်၊ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရေလမ်းထိန်းသိမ်းရေး ညွှန်ကြားမှု ဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆိုက်ကပ်သင့်သည့် ဆိပ်ကမ်းများနှင့်ပတ်သက်၍ ရန်ကုန်မြစ်(လှိုင်မြစ်)နှင့် ငမိုးရိပ်ချောင်းတစ်လျှောက် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ပြီး Yangon Water Bus ကို အကောင်အထည်ဖော်ရန် YRTA က တင်ဒါစနစ်ဖြင့် တင့်တင့်မြန်မာကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးကြောင်း သိရသည်။

Yangon Water Bus ပြေးဆွဲမှုကို ဇွန်လတတိယပတ်တွင် စတင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး စတင်ပြေးဆွဲရာတွင် လှိုင်မြစ်ကြောင်းကို အသုံးပြု၍ အင်းစိန်မြို့နယ်အတွင်းရှိ အောင်ဇေယျကြိုးတံတား အနီးမှစတင်ကာ ဗိုလ်တထောင်မြို့နယ် အထိ Jetty ပေါင်း ရှစ်ခု သတ်မှတ်ထားရှိကာ ရေယာဉ်အစင်းရေ ၁၆ စင်းဖြင့် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီမှ CEO ဒေါ်တင့်တင့်လွင်က Yangon Water Bus ပြေးဆွဲခြင်းနှင့် ပတ်သက်၍ မေ ၅ ရက် ညနေပိုင်းက စမ်းချောင်းမြို့နယ်အတွင်းရှိ Tint Tint Myanmar Group of Companies ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

Yangon Water Bus ပြေးဆွဲရာတွင် အသုံးပြုပြေးဆွဲမည့် ရေယာဉ်များကို ဩစတြေးလျ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် တည်ဆောက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်နိုင်ရန် အဆိုပါကုမ္ပဏီအနေဖြင့် ကျပ် ၂၀ ဘီလီယံမှ ၃၇ ဘီလီယံအကြား ရင်းနှီးမြှုပ်နှံထားကြောင်း ဒေါ်တင့်တင့်လွင်က ဆိုသည်။

Yangon Water Bus ပြေးဆွဲရာတွင် မြစ်ကြောင်းအမျိုးအစား မတူညီသောကြောင့် ရေယာဉ်အမျိုးအစား လေးမျိုးဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ရေယာဉ်တစ်စင်းလျှင် လူဦးရေ ၆၀ ၊ ၈၀ ၊ ၁၈၀ ၊ ၂၀၀ စသည်ဖြင့် အသီးသီးစီးနင်းနိုင်ကြောင်း သိရသည်။

ထိုသို့ပြေးဆွဲရာတွင် ခရီးစဉ်အလိုက် ကျသင့်ငွေအဖြစ် ခရီးစဉ်အတိုအတွက် ငွေကျပ် ၃၀၀ ၊ ခရီးစဉ် စ/ဆုံး ငွေကျပ် ၅၀၀ အဖြစ် သတ်မှတ်သွားမည်ဖြစ်သည့်အပြင် ရေယာဉ်ထွက်ခွာမည့်အချိန်ကို LED ဆိုင်းဘုတ်များဖြင့် ကြေညာပေးထား မည်ဖြစ်ပြီး မိနစ် ၂၀ လျှင် ရေယာဉ်တစ်စင်းနှုန်း ထွက်ခွာပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါလမ်းကြောင်းတွင် ခရီးစဉ်အစ၊ အဆုံး တစ်နာရီခွဲခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ ရေယာဉ်ထွက်ခွာချိန်များကို နံနက် ၆ နာရီမှ ညနေ ၆ နာရီခွဲ သတ်မှတ် ထားကြောင်း၊ ခရီးသွားပြည်သူများ၏ အာမခံအတွက် KBZ အာမခံလုပ်ငန်းနှင့် ချိတ်ဆက်ဆောင်ရွက် မည်ဖြစ်သည့်အပြင် Yangon Water Bus ပြေးဆွဲခြင်းနှင့် ပတ်သက်၍ Facebook၊ အင်တာနက် Website များတွင်လည်း အသိပေးကြေညာ သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။

ခရီးစဉ်ပြေးဆွဲရာတွင် ဟန်ဂေရီနိုင်ငံတွင် အသုံးပြုနေသည့် စနစ်ဖြစ်သော CCTV and GPS Monitoring System ကို အသုံးပြုသွားမည်ဖြစ်ပြီး အဆိုပါစနစ်မှာ အာရှနိုင်ငံများတွင် အသုံးပြုခြင်းမရှိသေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။

ယခု အခါ ရန်ကုန်မြစ်(လှိုင်မြစ်)နှင့် ငမိုးရိပ်ချောင်းကို အသုံးပြု၍ Water Bus ပြေးဆွဲနိုင်ရန် Jetty များ တည်ဆောက်ခြင်း လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိပြီး ငမိုးရိပ်ချောင်းမှာ တံတားအစင်းရေ များပြားသည့်အပြင် သောင်ထွန်းပြီး ရေနည်းပါးသောကြောင့် အဆိုပါအချက်များနှင့် ကိုက်ညီသည့် ရေယာဉ်များကို မြန်မာနိုင်ငံအတွင်း တည်ဆောက်သွား မည်ဖြစ်ကြောင်း သိရသည်။

လှိုင်မြစ်ကြောင်းအတွင်း ပြေးဆွဲသည့် Water Bus အစီအစဉ်ကို ယခင်က FMI ကုမ္ပဏီက ပြေးဆွဲခဲ့ဖူးသော်လည်း ခရီးသည်စီးနင်းမှု နည်းပါးခဲ့သည့် အတွက် ပြီးခဲ့သည့်နှစ်များအတွင်းက ရပ်နားခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လူဦးရေ ခြောက်သန်းကျော်နေထိုင် လျက်ရှိပြီး အများစုမှာ ခရီးသွားလာရာတွင် ဘတ်စ်ကားများကိုသာ အားထားနေရကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ-ဇော်ကြီး(ပဏီတ)

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။