ရန်ကုန်မြို့ရဲ့ မြေအောက်ကြီးမှာရှိနေတဲ့ အစိုးရအဆက်ဆက်ကောင်းကောင်း အသုံးမချနိုင်ခဲ့တဲ့ လျိုှု့ဝှက်ချက်ရယ်လို့ ဆိုပါတယ်။ မကြာသေးခင်က Okkar Kyi Win အမည်ရ facebook အသုံးပြုသူတစ်ဦးကနေ ရန်ကုန်မြို့ရဲ့ ရှေးဟောင်းမြအောက်ရေပိုက်လိုင်းကြီးတွေအကြောင်း တင်ပြရာကနေ လူစိတ်ဝင်စားခဲ့ပြီး ဗဟုသုတအင်မတန်ရတာကြောင့် ထပ်မံတင်ပြလိုက်ရပါတယ်။

ကျွန်တော် အဲဒီအကြောင်းတွေကိုသေသေချာချာသိချင်လို့ အချိန်သုံးရက်လောက်အကုန်ခံပြီး Google ဝင်မွှေကြည့်တာ အင်းယားကန်နဲ့ ကန်တော်ကြီးဆက်ထားတဲ့ရေလျှံပိုက်လိုင်းအကြောင်းကလွဲလို့ မြေအောက်မြောင်းကြီးတွေအကြောင်းရှာမတွေ့ခဲ့ဘူး။ ဒါပေမယ့် ကျွန်တော့်ပို့စ်အောက်ကကွန်မန့်တွေရယ် ကျွန်တော်ထပ်ပြီးစပ်စုထားတာတွေရယ်ပေါင်းလိုက်တော့ တော်တော်စိတ်ဝင်စားစရာကောင်းတဲ့တော့ပစ်တစ်ခုဖြစ်လာတယ်။ ခုကျွန်တော် အဲ့ဒီအကြောင်းတွေကိုရေးပါ့မယ်။အထောက်အထားခိုင်ခိုင်မာမာပြနိုင်တာမဟုတ်ပေမယ်လို့ ယုံကြည်ရလောက်တဲ့အဖြစ်အပျက်မှတ်တမ်းတွေပါ။

အားလုံးကို ဗဟုသုတအနေနဲ့မျှဝေပေးပါ့မယ်။အဲဒီဗဟုသုတတွေကိုကွန်မန့်ရေးပေးခဲ့တဲ့သူများကို အထူးကျေးဇူးတင်ပါကြောင်း လေးလေးစားစားခရက်ဒစ်ပေးပါတယ်ခင်ဗျာ။

ရေးရတဲ့ရည်ရွယ်ချက်ကတော့ အဲဒီမြေအောက်မြောင်းကြီးတွေကို ပြန်ရှာဖွေဖော်ထုတ်ပြီး အသုံးချလို့ ရနိုင်၊ မရနိုင်ကို တာဝန်ရှိသူများကစိတ်ဝင်တစားနဲ့ ဆောင်ရွက်စေချင်လို့ပဲဖြစ်ပါတယ်။

တာမွေအဝိုင်းထိပ်ခုံးကျော်တံတားလုပ်ငန်းခွင်မှာပေါ်လာတဲ့ မြေအောက်သံပိုက်လုံးကြီးတွေဟာ အင်းယားကန်ရေလျှံရင် ကန်တော်ကြီးဆီကိုလွှဲပို့တဲ့ပိုက်လိုင်းကြီးတွေဆိုတာသေချာတယ်လို့ တချို့ကအတည်ပြုပြောကြပါတယ်။ လက်ရှိမှာသုံးလို့ရ၊ မရ မသေချာပေမယ့် ရေထိန်းဘားတွေကတော့ ဆီဒိုးနားဟိုတယ်ဘေးမှာတစ်ခု၊ ဖိုးစိန်လမ်းထဲမှာတစ်ခုရှိတယ်လို့ ဆိုကြပါတယ်။ ကန်တော်ကြီးကနေ ပုဇွန်တောင်ချောင်းထဲကိုတော့ ပိုက်နဲ့မဟုတ်ဘဲ မြေအောက်မြောင်းတွေနဲ့ဆက်သွယ်ထားတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် တော်တော်များများစိတ်ဝင်စားကြတာကတော့ မြေအောက်ဥမင်ကြီးတွေအကြောင်းပါ။အဲ့ဒီမြေအောက်ဥမင်ကြီးတွေဟာ ဂျစ်ကားတစ်စီးကောင်းကောင်းမောင်းလို့ရလောက်အောင် ကြီးမားလှတယ်ဆိုတာလည်း တော်တော်များများပြောကြပါတယ်။ ဟိုခေတ်တုန်းက ဒုစရိုက်လောကသားတွေ ခိုအောင်းလှုပ်ရှားရာမြေအောက်ကမ႓ာကြီးပေါ့။

အဲ့ဒီမြေအောက်ဥမင်ကြီးထဲမှာ ရပ်ကွက်တစ်ခုလိုဖြစ်နေပြီး မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာနဲ့ တခြားတရားမဝင်ကိစ္စတွေ အခြေပြုလှုပ်ရှားကြတဲ့နေရာကြီးပါတဲ့။ အဲဒီမြေအောက်ရပ်ကွက်ကြီးရဲ့ဝင်ပေါက်က ဆူးလေဘုရားနား၊ ရှားမီးမုန့်တိုက်ဘေးက မြောင်းပေါက်ကြီးလို့ဆိုကြတယ်။

အဲ့ဒီမြေအောက်ကမ႓ာကြီးထဲမှာ သောက်ရေသုံးရေလည်းရ၊ လျှပ်စစ်မီးလည်းရတယ်တဲ့။ မြောင်းဆိုပေမယ့်လို့ အနံ့အသက်ဆိုးတွေမရှိဘူး။ လူမိုက်တွေက တာဝန်ယူအုပ်ချုပ်တဲ့ရပ်ကွက်ကြီးပေါ့။ တော်ရုံသူစိမ်းဝင်လို့မရဘူး။ "မွန်းတည့်ချိန်မှာ နေဝင်သည်" ဆိုတဲ့ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတချို့မှာ အဲဒီမြေအောက်လောကသားတွေအကြောင်းပါတယ်တဲ့။

အဲဒီမြေအောက်မြောင်းကွန်ယက်ကြီးရဲ့ လမ်းကြောင်းအတိအကျကိုတော့ ဘယ်သူမှသိပ်မသိကြပါဘူး။ ဒါပေမယ့် တစ်ယောက်ချင်း တစ်ယောက်ချင်းစီရဲ့အတွေ့အကြုံနဲ့ ပြောစကားတွေကို ဆက်စပ်ကြည့်တဲ့အခါ အဲ့ဒီကွန်ယက်ကြီးက ရန်ကုန်တစ်မြို့လုံးရဲ့အောက်မှာဖြန့်ကျက်နေတယ်လို့ယူဆရတယ်။ မြို့လယ်ပိုင်းမှာတော့ ခပ်စိပ်စိပ်နဲ့၊ မြို့ပြင်ပိုင်းမှာတော့ ခပ်ကျဲကျဲပုံစံဖြစ်ဖို့များတယ်။ မြို့လယ်ဆိုတာက ခုဆို လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင် ပတ်ဝန်းကျင်ပေါ့။ မြို့ပြင်ကတော့ ဗဟန်း၊ တာမွေဘက်ပိုင်းပေါ့။ ဒါပေမယ့် တချို့ကဆိုကြပြန်တာက မင်္ဂလာဒုံပေါက်ကုန်းနားမှာလည်း မြေအောက်ကိုဆင်းတဲ့အပေါက်ကြီးတွေ ဂျပန်ခေတ်ကတည်းကရှိနေတယ်တဲ့။ စစ်တပ်က အသေပိတ်၊ သော့ခတ်ထားတယ်လို့ပြောကြတယ်။ မြို့ထဲအထိဆက်နေတာဟုတ်မဟုတ်တော့ မသေချာဘူးပေါ့။

ဂွတ္တလစ်(ခု ဆရာစံရပ်ကွက်) က တစ်ယောက်ပြောပြတာက သူတို့ငယ်ငယ်က အဲဒီမြောင်းကြီးတွေအောက်ထဲ ဆင်းကြည့်ဖူးတယ်တဲ့။ ဂွတ္တလစ်မင်းလမ်းနားကနေ ခုတံတားထိုးနေတဲ့ တာမွေအဝိုင်းထိပ်အထိရောက်တယ်။ ဆက်သွားလို့ရသေးတယ်တဲ့။

နောက်တစ်ယောက်ပြောတာက လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်ကအကြောင်း။ တစ်နေ့မှာ ကျိုက္ကဆံရပ်ကွက် (မြလမ်းမှတ်တိုင်နား) က မြောင်းပေါက်ကြီးတစ်ခုထဲကနေ နွားအော်သံကြားလို့ချောင်းကြည့်တော့ မြေအောက်မြောင်းကြီးထဲမှာ နွားကြီးတစ်ကောင်တွေ့ကြတယ်။ မြောင်းပေါက်ကို မရရအောင်ချဲ့ပြီးဆွဲတင်ကြရတယ်။ ဒီမြောင်းထဲကို နွားကြီးဘယ်ကနေဘယ်လိုရောက်လာလဲ စဉ်းစားလို့မရကြဘူး။ နောက်တော့မှ ဟိုးသိမ်ဖြူထိပ်ကမွတ်ဆလင်ရပ်ကွက်မှာ အစ်ဒ်နေ့နီးတော့မွေးထားတဲ့နွားကြီးက လွတ်လာပြီးမြေအောက်မြောင်းထဲကနေ ဒီဘက်အထိရောက်လာတယ်ဆိုတာ သိလိုက်ကြရတယ်။ 

ခု ဗိုလ်မြတ်ထွန်းကွန်ဒိုဆောက်ထားတဲ့နေရာကလည်း အရင်ကမိလ္လာကန်အကြီးကြီးဆိုပဲ။ အဲဒီကနေတဆင့် ရန်ကုန်မြစ်ထဲကိုရေဆိုးတွေထုတ်ချတယ်လို့ပြောကြတယ်။

အရင်တုန်းက အိမ်တွေမှာမိလ္လာကန်စံနစ်မရှိဘဲ အဲဒီရေဆိုးမြောင်းတွေကနေတဆင့် ရီဆာဗာကြီးမှာလှောင်ထားပြီး ရန်ကုန်မြစ်ရေအတက်အကျအတိုင်း သွန်ချပစ်တယ်တဲ့။

နောက်စိတ်ဝင်စားစရာအဖြစ်အပျက်တစ်ခုရှိသေးတယ်။ ၁၉၈၃ တုန်းက အာဇာနည်ကုန်းမှာ တောင်ကိုရီးယားသမ္မတ မစ္စတာ

ချန်ဒူးဝမ်ကို လုပ်ကြံခဲ့တဲ့ မြောက်ကိုရီးယားသူလျှို ကင်မင်ချူးနဲ့ ဇင်ဘိုတို့ဟာ (နံမည်နဲ့ ခုနှစ်သက္ကရာဇ်တွေလွဲကောင်းလွဲနိုင်ပါတယ်) ရွှေတိဂုံဘုရားနားက မြေအောက်မြောင်းပေါက်ထဲကနေတဆင့် ပုဇွန်တောင်ချောင်းဆီကိုထွက်ပြေးကြတယ်။ အဲဒီကနေ ဒလဘက်လား၊ ကွမ်းခြံကုန်းဘက်လားပြေးကြပြီး နောက်ဆုံးရွာသားတွေနဲ့အတွေ့မှာ တစ်ယောက်ကကိုယ့်ကိုယ်ကိုဗုံးခွဲပစ်လိုက်တယ်။ တစ်ယောက်ကတော့ အရှင်ဖမ်းမိတယ်တဲ့။

(မှားနေတယ်ဆိုရင် အမှန်သိသူများပြင်ပေးကြပါ)

ပါးစပ်ရာဇဝင်တွေအရ ရန်ကုန်မြို့ရဲ့မြေအောက်မြောင်းကွန်ယက်မြေပုံ Blue print ဟာ တစ်ယောက်ယောက်ရဲ့လက်ထဲမှာရှိနေပြီး ဒေါ်လာတစ်သန်းနဲ့ရောင်းမယ်လို့ အစိုးရကိုကမ်းလှမ်းဖူးတယ်လို့ပြောကြတယ်။ စင်္ကာပူကမြေအောက်မြောင်းတွေက ရန်ကုန်ဒီဇိုင်းကိုယူပြီးတည်ဆောက်ထားတယ်လို့လည်း ပြောကြတယ်။

တချို့ပြောတာကတော့ အင်္ဂလိပ်ကအဲ့ဒီမြေပုံကို မြန်မာတွေလက်ထဲလုံးဝမပေးခဲ့ပါဘူးတဲ့။

တချို့ကကျတော့လည်း ဗိုလ်ချုပ်နေဝင်းလက်ထက်မှာ အဲဒီမြေပုံကို မြို့တော်စည်ပင်ဆီကနေ စစ်တပ်ကသိမ်းသွားတယ်တဲ့။ လုံခြုံရေးအကြောင်းပြချက်နဲ့ပေါ့။

အခု ရွှေတိဂုံဘုရားလမ်းက စစ်ရုံးဝင်းထဲမှာ အဲဒီမြေအောက်ကွန်ယက်ရဲ့အလယ်ဆုံချက် ဝင်ပေါက်နေရာရှိတယ်လို့လည်း ပြောကြပြန်တယ်။

နဝတ၊ နအဖ လက်ထက်တုန်းကတော့ အဲဒီမြေအောက်မြောင်းတွေကိုပြန်ရှာကြသေးတယ်တဲ့။ စံနစ်တွေက ခေတ်မမှီတော့ဘူး။ မြောင်းတွေကကောကုန်ပြီ။ ပြန်သုံးလို့မရနိုင်တော့ဘူး။ အမျိုးမျိုးပြောကြတယ်တဲ့။ အကြောင်းပြတာလည်း ဖြစ်ရင်ဖြစ်မှာပေါ့လေ။

ရှေးလူကြီးတွေ စိတ်ဝင်တစားပြောပြကြတာက ဗားဂရာလမ်းဆုံဟာ တကယ့်အနိမ့်ပိုင်းနေရာမှာရှိနေရဲ့သားနဲ့ တခါမှရေကြီးရေလျှံမဖြစ်ဖူးဘူးတဲ့။ အဲ့ဒီအောက်မှာ ရန်ကုန်မြစ်နဲ့ဆက်သွယ်ထားတဲ့မြေအောက်မြောင်းကြီး ရှိနေတယ်တဲ့။

ကျွန်တော် အထက်မှာပြောခဲ့သလိုပါပဲ။ အခုရေးထားတာတွေအကုန်လုံးဟာ အထောက်အထားခိုင်ခိုင်မာမာမဟုတ်ပေမယ့် ယုံကြည်ရလောက်တဲ့စကားတွေပါပဲ။ အားလုံးကိုခြုံငုံကြည့်ရင်တော့ ရန်ကုန်မြို့ရဲ့အောက်မှာ အဖိုးတန်တဲ့မြေအောက်မြောင်းကွန်ယက်ကြီး တကယ်ရှိနေပါတယ်။

လက်ရှိမှာရော သုံးနေသလား။ သုံးလို့မရတော့တာလား။ ဒါမှမဟုတ် လုံခြုံရေးအကြောင်းပြချက်နဲ့ အကုန်ပိတ်ပစ်လိုက်ကြတာလားဆိုတာ စိတ်ဝင်စားစရာပါ။

တကယ်လို့ ပြန်ဖော်ထုတ်ပြီးအသုံးချလို့ရသေးတယ်ဆိုရင်တော့ ပြန်ပြီးသုံးသင့်၊ မသုံးသင့် ကျွမ်းကျင်တဲ့ပညာရှင်တွေ၊ တာဝန်ရှိသူတွေ ဆွေးနွေးတိုင်ပင်သင့်ပါတယ်လို့ အကြံပြုပါရစေခင်ဗျား။

သတင်းအရင်းမြစ် Okkar Kyi Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။