အမျိုးသမီးတွေအဖို့ စိတ်ကသိကအောက်အဖြစ်ရဆုံးအချိန်ကတော့ သွေးဆုံးတဲ့အချိန်ကာလပါပဲ။ ကိုယ်တိုင်သော်လည်းကောင်း ကိုယ့်ရဲ့ မိခင် သို့မဟုတ် မိသားစုဝင်တစ်ဦး သွေးဆုံးတဲ့အရွယ်ရောက်ပြီဆိုရင် သူတို့ရဲ့ လုပ်ရပ်လေးတွေအပေါ်ဒေါသမထွက်ပဲ ဂရုတစိုက်နဲ့နားလည်ပေးသင့်ပါတယ်။

အမျိုးသမီးတွေဟာ များသောအားဖြင့် အသက် ၄၅ နှစ်မှ ၅၅ နှစ်အတွင်းသွေးဆုံးခြင်းကို ခံစားရလေ့ရှိပါတယ်။ အချို့သော အမျိုးသမီးများတွင် သွေးဆုံးချိန်၌ ဓမ္မတာရုတ်ခြည်းရပ်သွားပြီး အချို့သောအမျိုးသမီးတွေမှာ သွေးဆုံးချိန်မတိုင်မီဓမ္မတာမမှန်ခြင်း၊ ရာသီသွေးနည်းသွားခြင်းတို့ကို ခံစားရလေ့ရှိပါတယ်။

သွေးဆုံးချိန်တွင် မမျိုးဥအိမ်မှထုတ်လုပ်တဲ့ ဟော်မုန်းပမာဏလျော့နည်းသွားတာကြောင့် တကိုယ်လုံးချွေး ထွက်လွန်ပြီးမူးခြင်း (Hot Flushes)၊ အလိုလိုစိတ်တိုခြင်း၊ စိတ်ဓာတ်ကျခြင်း၊ ရင်တုန်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်းတို့ကို ခံစားရလေ့ရှိပါတယ်။

အမျိုးသမီးတွေမှာ သွေးဆုံးချိန်ဟာ တစ်ယောက်နဲ့တစ်ယောက် မတူညီကြပါဘူး။ သွေးဆုံးချိန်ကို အဓိကလွှမ်းမိုးထားတဲ့ အကြောင်းအရာတွေထဲမှာ မျိုးရိုးလိုက်ခြင်းကလည်း အဓိက အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။ များသောအားဖြင့် အမျိုးသမီးတွေဟာ ၎င်းတို့မိခင်သွေးဆုံးတဲ့ အသက်အရွယ်ဝန်းကျင်မှာပဲ သွေးဆုံးလေ့ရှိတာကို တွေ့ရပါတယ်။ တခြားသော အကြောင်းအရာတွေထဲမှာ ဆေးလိပ်သောက်ခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ မျိုးဥအိမ်ခွဲစိတ်မှုမပြုလုပ်ခြင်းတို့ ပါဝင်ပါတယ်။

1. ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာလောက် မမျိုးဥအိမ်ကို ပျက်ဆီးစေတဲ့အရာ မရှိပါဘူး။ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေဟာ အခြားသောအမျိုးသမီးများနှင့်ယှဉ်ရင် သွေးဆုံးချိန်ကို စောစောရင်ဆိုင်ရလေ့ရှိပါတယ်။

2. ကင်ဆာကုထုံးခံယူခြင်း

ကင်ဆာဆေးသွင်း၍ ကုသခြင်း (chemotherapy) ဟာ မမျိုးဥအိမ်ကို အဆိပ်အတောက်ဖြစ်စေပါတယ်။ Chemotherapy ကုထုံးခံယူထားတဲ့ အမျိုးသမီးတွေဟာ ကုထုံးပြီးသွားသည့်တိုင်အောင် နှစ်အနည်းငယ်ကြာမှ ရာသီပြန်လာလေ့ရှိပါတယ်။

3. မျိုးဥအိမ်ခွဲစိတ်မှုပြုလုပ်ခြင်း

မျိုးဥအိမ်ခွဲစိတ်မှုပြုလုပ်ခြင်းက ကောင်းမွန်တဲ့တစ်သျှူးစတွေကို ပျက်စီးစေတယ်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ မျိုးပွားခြင်းနှင့် Endocrine ဆိုင်ရာဌာနမှ ဒါရိုက်တာ Marcelle Cedars ကဆိုပါတယ်။

သွေးဆုံးချိန်ဟာ လူမျိုးစုပေါ်မှာမူတည်ပြီး ကွဲပြားလေ့ရှိပါတယ်။ အမျိုးသမီးတွေဟာယေဘုယျအားဖြင့် အသက် ၅၁ နှစ်အရွယ်မှာသွေးဆုံးလေ့ရှိပြီး တရုတ်နှင့်ဂျပန်အမျိုးသမီးတွေကတော့ အသက် ၅၁ နှစ်ကျော်မှသာ သွေးဆုံးလေ့ရှိပါတယ်။

အချို့သောအမျိုးသမီးတွေက အပျိုဖော်ဝင်ချိန်စောပါက သွေးဆုံးချိန်လည်းစောနိုင်တယ်လို့ ယူဆကြပါတယ်။ ဒါဟာအယူအဆအမှားတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ခြင်း၊ နို့်တိုက်ခြင်းနဲ့ သန္ဓေတားဆေးသုံးစွဲခြင်းစတာတွေက သွေးဆုံးချိန်အပေါ်မှာ သက်ရောက်မှုမရှိပါဘူး။

သတင်းအရင်းမြစ် Dr. Htet Htet Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။