စိတ်ဓာတ်ကြံခိုင်ပြီး ပြတ်သားတတ်တဲ့သူ၊ လွတ်လပ်တဲ့သူတစ်ယောက်ဖြစ်လာဖို့အတွက်...

(၁) ပိုက်ဆံစုပါ

ဒါ လွတ်လပ်ပြီး ပျော်ဖို့ကောင်းတဲ့နည်းလမ်းလို့ ဘာလို့ပြောတာလဲဆိုပြီး မေးချင်ကြမှာပါ။ ဒါ လွတ်လပ်ပြီး ပျော်ရွှင်စေတဲ့နည်းဆိုတာ သေချာပါတယ်။ အစပိုင်းမှာ သိပ်ပြီး သိသာမှာ မဟုတ်ပေမယ့် အချိန်တစ်ခုရောက်လို့ ပိုက်ဆံအတော်အတန်စုဆောင်းမိတဲ့အခါ သင့်ရဲ့ကိုယ်ပိုင်ပိုက်ဆံနဲ့ သင်စားချင်တာစား သင်သွားချင်ရာသွား သင်သုံးချင်တာသုံးနိုင်ပြီး ဘယ်သူ့ဆီကမှ လက်ဖြန့်တောင်းစရာလိုမှာမဟုတ်တော့တဲ့အတွက်ကြောင့် ကိုယ်ပိုင် လူရောစိတ်ပါ လွတ်လပ်ပျော်ရွှင်မှုကို ခံစားပိုင်ဆိုင်ရမှာပါ။ ချစ်တဲ့သူကိုလည်း မှီခိုစရာမလိုပါဘူး။ နောက်ပြီး မိဘကိုလည်း မှီခိုစရာမလိုပါဘူး။ မိန်းကလေးတွေဟာ သူများကို မှီခိုရတဲ့သူတွေဆိုတာမျိုးကနေ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားခြင်းအားဖြင့် လွတ်လပ်မှုကို ရှာဖွေလိုက်ပါ။

(၂) ခွင့်မတောင်းရတဲ့သူဖြစ်ပါစေ

တစ်ခုခုလုပ်ဖို့ တစ်နေရာရာကိုသွားဖို့ရာ မိဘတွေ ချစ်သူတွေဆီ မျက်နှာငယ်လေးနဲ့ ခွင့်တောင်းနေရသရွေ့တော့ အခြေအနေမဟန်သေးပါဘူး။ ခွင့်တောင်းစရာမလိုတဲ့သူဖြစ်အောင် နေထိုင်နည်း များများစားစားမရှိပါဘူး။ ဒါကတော့ သင့်ဘက်က ယုံကြည်မှုကို အလွဲသုံးစားမလုပ်ဖို့ပါပဲ။ ဒီနေရာပြောပြီး ဟိုနေရာရောက်သွားတာမျိုးတွေ၊ အပြင်ရောက်ရင် ဖုန်းပိတ်ထားပြီး ညနက်မှ ပြန်လာတတ်တာမျိုးတွေဟာ လွတ်လပ်လိုက်တာလို့ သင်ထင်ပါသလား။ တကယ်တော့ ဘယ်သူ့ကိုမဆို ယုံကြည်မှုအလွဲသုံးစားမလုပ်မိစေပါနဲ့။ အထူးသဖြင့် သင့်ရဲ့ မိသားစုတွေဆီက ယုံကြည်စိတ်ချမှုကို အပြည့်အဝရရှိလာတဲ့အခါမှာ သင်ဟာ သင်လုပ်ချင်တာမှန်သမျှ ခွင့်တောင်းစရာလိုတော့မှာ မဟုတ်တော့ပါဘူး။ သင်မဟုတ်တာ မလုပ်ဘူးမတွေးဘူးဆိုတာကို သူတို့ အပြည့်အဝ လက်ခံယုံကြည်ထားမှာပါ။ ဒါမှ သင်ဟာ အမှန်ကန်ဆုံးနည်းလမ်းနဲ့ လွတ်လပ်ပျော်ရွှင်မှုကို ရရှိလာမှာ အသေအချာပါပဲ။

(၃) သူ့နေရာနဲ့သူခွဲခြားထားပါ

အလုပ်တွေကို အိမ်သယ်မလာပါနဲ့။ ဒီလိုပဲ အိမ်ကလူမှုရေးပြဿနာတွေကိုလည်း အလုပ်ခွင်ထဲကို သယ်မသွားပါနဲ့လို့ အကြံဉာဏ်ပေးပါရစေ။ ဒါဟာကောင်းတဲ့အကျင့်တော့မဟုတ်ပါဘူး။ သင် စိတ်တွေ မလွတ်လပ်ပဲ ရှုပ်ထွေးနေရခြင်းရဲ့ အဓိကရန်သူကတော့ အိမ်တွင်းရေး၊ လူမှုရေးနဲ့ စီးပွားရေးတွေကို သူ့နေရာနဲသူ မခွဲခြားတတ်ရာက စလာတာပါပဲ။ စိတ်ခံစားချက်တွေကို မရောထွေးပါနဲ့။ အကယ်လို့ အိမ်ကမိဘနဲ့ရန်ဖြစ်လာတာကို အလုပ်ခွင်အထိသယ်ယူလာပြီး စိတ်ညစ်နေမယ်ဆိုရင် သင် ဘယ်တော့မှ စိတ်လွတ်လက်လွတ်နေနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ခံစားချက်တွေ မရောထွေးလိုက်ပါနဲ့။ ရောက်တဲ့နေရာမှာ စိတ်ချမ်းသာအောင်နေလိုက်ပါ။ နောက်ပြီး အလုပ်က ပြဿနာတွေကိုလည်း ညအိပ်ချိန်ထိယူသွားပြီး အိပ်ရေးပျက်တာမျိုးမဖြစ်ပါစေနဲ့။ လွတ်လပ်မှုရှာဖွေတဲ့နေရာမှာ လူတင်လွတ်လပ်နေရုံနဲ့ မပြီးပါဘူး။ စိတ်ရဲ့လွတ်လပ်မှုနဲ့ပြည့်စုံဦးမှပါ။

(၄) ၀ါသနာကို မမေ့ပါနဲ့

လူတွေအားလုံးလိုလိုဟာ အရွယ်ရောက်လာတဲ့အခါမှာ လူမှုရေး စီးပွားရေးစတဲ့ ကိစ္စပေါင်းသောင်းခြောက်ထောင်ကြား နစ်မွန်းလာကြတဲ့အခါ ငယ်ငယ်တုန်းက ကြီးရင်ဘာဖြစ်ချင်လဲဆိုတဲ့ ၀ါသနာကို မေ့ပျောက်လာတတ်ကြပါတယ်။ ငယ်စဉ်တောင်ကျေးကတည်းက စိတ်ပါဝင်စားတဲ့ ၀ါသနာပါရာဆိုတာဟာ လူတစ်ယောက်ရဲ့စိတ်ကို ပျော်ရွှင်စေတဲ့အရာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ ဒါကြောင့် ငယ်ငယ်က ၀ါသနာကို အားလပ်ချိန်မှာ ထားပါ။ စာဖတ်တာ ၀ါသနာပါရင် အားလပ်ချိန်မှာ စာဖတ်ပါ။ အားကစားလုပ်တာ ၀ါသနာပါရင် အားလပ်ချိန်မှာ အားကစားလုပ်ပါ။ ၀ါသနာကို အချိန်ပေးရတာလောက် လူရောစိတ်ရော လွတ်လပ်ပြီး ပျော်ဖို့ကောင်းတဲ့အရာ ကမ္ဘာပေါ်မှာ မရှိတော့ပါဘူး။

(၅) ခရီးသွားပါ

ဘယ်လောက်ပဲ အလုပ်တွေများပြီးရှုပ်နေပါစေ။ တစ်နှစ်မှာ အနည်းဆုံးတစ်ကြိမ်တော့ ခရီးတစ်ပတ်လောက်ထွက်ဖို့ လိုကိုလိုပါတယ်။ ခရီးများများစားစားမသွားပဲ သေဆုံးသွားတဲ့လူတွေဟာ ကမ္ဘာပေါ်မှာ ရှင်သန်ရတာမတန်ဆုံးလူသားတွေ ဖြစ်တယ်လို့ ပြောကြပါတယ်။ စိတ်ညစ်နေလား ခရီးသွားပါ။ စိတ်ပင်ပန်းနေလား ခရီးသွားပါ။ စိတ်ကျန်းမာရေးအတွက် အကောင်းဆုံးကုထုံးကတော့ ခရီးသွားခြင်းဖြစ်တာကို တွေ့ရှိရမှာပါ။ ခရီးသွားတဲ့အခါ တစ်ယောက်တည်းသွားမလား။ ချစ်သူနဲ့သွားမလား။ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်သွားမလား။ ဒါမှမဟုတ် မိသားစုနဲ့ သွားမလား သင်ကြိုက်သလို စီစဉ်လို့ရပါတယ်။ ဒါပေမယ့် စိတ်ရောကိုယ်ပါ လွတ်လပ်ဖို့အတွက်ဆို ခရီးသွားဖြစ်အောင်တော့ သွားပေးပါ။

(၆) အချစ်ကို မကိုးကွယ်ပါနဲ့

ဟုတ်ပါတယ်။ လုပ်ရခက်ပေမယ့် တကယ်လွတ်လပ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တယ်။ စိတ်ပျော်ရွှင်ပါတယ်ဆိုတဲ့ မိန်းကလေး အမှန်တကယ်ဖြစ်ချင်ရင် အချစ်ကို မကိုးကွယ်ပါနဲ့။ အချစ်ကို အချစ်နေရာမှာသာထားပါ။ နှလုံးသားမှာသာထားပါ။ အချစ်ရေးကို အရမ်းအရေးပေးပြီး ကိုးကွယ်တဲ့ မိန်းကလေးအများစုဟာ လူရောစိတ်ရော လွတ်လပ်မှုပျောက်ဆုံးနေကြရတယ်ဆိုတာ မယုံမရှိပါနဲ့။ ချစ်သူကို ချစ်ပါ။ လေးစားပါ။ သို့သော် မိမိရဲ့ပျော်ရွှင်မှုနဲ့ ဘဝနဲ့တော့ ချီပြီး အလေးမပေးဖို့ အကြံဉာဏ်ပေးချင်ပါတယ်။ အကယ်လို့သာ အဲဒီလို တစ်ဖက်သတ်ဆန်ပြီး သင်ရဲ့စိတ်နဲ့ကိုယ်ကို ချုပ်ကိုင်ထားတဲ့အချစ်ရေးမျိုးရှိခဲ့တယ်ဆိုရင်လည်း အခုရပ်လိုက်ဖို့ အချိန်မှီပါသေးတယ်။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။