သွား ဆိုတာ လူတစ်ယောက်အတွက် အရေးပါပေတယ်။ သွားကိုက်ခြင်း၊ သွားကျဉ်ခြင်းများသည် ဘယ်လိုမှ မနေနိုင်သော၊ မခံစားနိုင်သော ရောဂါဟု ဆိုလို့ ရပါတယ်။ သွားများတွင် ပြသနာတစ်ခုခုဖြစ်ခဲ့လျှင်လည်း နာကျင်ကိုက်ခဲမှုများ ခံစားရသည့်အပြင် စိတ်ဖိစီးမှုကိုလည်း ဖြစ်တတ်ပါတယ်။ ထိုသို့ မဖြစ်ရလေအောင် သွားကျန်းမာရေးနှင့် ပတ်သက်သော နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။

ဖလူအိုရိုက် (ဒ်) ဒြပ်ပေါင်းပါသော သွားတိုက်ဆေးဖြင့် တစ်နေ့လျှင် အနည်းဆုံး နှစ်ကြိမ်တိုက်ပါ။ ညဘက် အိပ်ရာမဝင်ခင်တော့ မဖြစ်မနေ သွားတိုက်ပေးပါ။

(၂) နည်းလမ်းမှန်ကန်စွာ သွားတိုက်ပါ။

နည်းလမ်းမှန်ကန်စွာ သွားတိုက်ခြင်း ဆိုသည်မှာ -

- သွားတိုက်တံကို လက်ဖြင့် ၄၅ ဒီဂရီခန့် စောင်း၍ ဒေါင်လိုက််တိုက်ပေးပါ။

- သွားနှင့် သွားအောက်ခြေတို့ကို စက်ဝိုင်းပုံသဏ္ဍာန် ခပ်မှန်မှန် ဖိ၍ တိုက်ပေးပါ။

- ခပ်ကြမ်းကြမ်းတိုက်လျှင် သွေးထွက်စေနိုင်သလို ပျော့လွန်းလျှင်လည်း အညစ်အကြေးများ မစင်ပါ။ ထို့ကြောင့် ပုံမှန် အနေအထားဖြင့် တိုက်ပါ။

- အချိန် ၂မိနစ်ခန့်တိုက်ပါ။ သွားတို်က်ဆေးလုံးဝ ကုန်စင်သွားသည်အထိ ရေများများဖြင့် ပလုပ်ကျင်း သန့်ရှင်းခြင်းကို ရှောင်ရှားပါ။

- သွားတိုက်ပြီးတိုင်း ခံတွင်းသန့်စင်ဆေးကို အသုံးပြုသည့် အလေ့အကျင့် ပြုလုုပ်ပါ။

- သွားပေါက်စ အရွယ်မှစ၍ ကလေးငယ်များလည်း ပုံမှန် သွားတိုက်ပေးသင့်ပါတယ်။

(၃) သွားကြားထိုးသည့် ကြိုး အသုံးပြုပါ။

သွားကြား သန့်ရှင်းရေးလုပ်သည့် ချည်မျှင် (သို့) သွားကြားထိုးတံ ဖြင့် သွားအောက်ခြေကို သန့်ရှင်းပေးပါ။ သွားကြားညှပ်နေလျှင်လည်း ဒီအတိုင်း မထားဘဲ ရှင်းထုတ်ပေးပါ။

(၄) လျှာကိုပါ တိုက်ပေးပါ။

သွားတိုက်သည့်အခါ သွားတိုက်တံဖြင့် လျှာကိုပါ တိုက်ပေးပါ။ လျှာပေါ်ရှိ အရိအရွဲများနှင့် အညစ်အကြေးများကို သန့်ရှင်းစင်ကြယ်သည် အထိ လျှာကိုပါ တိုက်ပေးပါ။ အထူးသဖြင့် အရောင်ပါသော အစားအစာများနှင့် ကော်ဖီသောက်ပြီးသည့်အခါတွင် သတိထားကြည့်ပါက လျှာကိုပါ တိုက်ပေးရန် လိုအပ်ကြောင်း သိသာပါလိမ့်မည်။

(၅) သွားတိုက်ဆေး၊ သွားတိုက််တံ ရွေးချယ်ပါ။

မိမိနှင့် ဓာတ်တည့်သော သွားတို်က်ဆေးကိုသာ ရွေးချယ်ပါ။ ခံတွင်းသန့်ရှင်းစေရန်အတွက် သွားတိုက်ဆေး အများကြီး သုံးစရာ မလိုပါ။ သွားတိုက်တံကို သုံးလလျှင် တစ်ကြိမ်မျှ လဲလှယ်ပေးပါ။ အရမ်းကြမ်းလွန်းသော သွားတိုက်တံ အမျှင်များကို မသုံးပါနှင့်။ ထိုသွားတိုက်တံတွေက ကြွေသွားအလွှာနှင့် သွားဖုံးကို လွယ်ကူစွာ ထိခိုက်နိုင်သည်ကို သတိပြုပါ။

(၆) အစားအသောက် ဂရုစိုက်ပါ။

ချိုလွန်းသော သရေစာ၊ သကြားလုံး၊ ကပ်စေးနှဲ စသည်တို့က သွားကြွေလွှာပျက်စီးခြင်း၊ သွားပိုးစားခြင်းနှင့် သွားအခေါင်းပေါက်များကို ဖြစ်စေနိုင်ပါတယ်။ အရိုးများ ကိုက်ခြင်းနှင့် မာကြောသော အစားအစာများဝါးစားခြင်းဖြင့်လည်း သွားများကို ကျိုးပဲ့စေပါတယ်။ ရေခဲရေနှင့် အရမ်းအေးလွန်းသော အချိုရည်များကို သောက်သုံးခြင်းမှ ရှောင်ပါ။ သောက်သုံးလျှင် ပိုက်နှင့် စုပ်သောက်ခြင်းက သွားများအတွက် ပိုပြီး သင့်တော်ပါသည်။ ဒါ့ကြောင့် အစားအသောက်ကို ဂရုစိုက် စားပါ။

(၇) ပုံမှန်စစ်ဆေးမှု ပြုလုပ်ပါ။

သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် သွားဆရာဝန်နှင့် ခြောက်လတစ်ကြိမ် ပြသ တိုင်ပင်ပါ။ လိုအပ်လျှင် ဆေးကုသမှု ခံယူပါ။ သွားနှင့်ပတ်သက်ပြီး မိမိစိတ်ကြိုက် ဆေးဝယ်သောက်ခြင််းထက် ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ဆေးသောက်ခြင်းက ပိုပြီး သင့်တော်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။