မြို့တော်ချစ်ဖွယ်ရဲ့တစ်ဦးတည်သောသမီးဖြစ်သူ နွေးနွေးချစ်ဖွယ်က ဆယ်တန်းကျောင်းသူ ဘဝကတည်းကသီချင်းသီဆိုရင်း ကျောင်းစရိတ်ရှာခဲ့ရကြောင်း၊သူ့မွေးပြီး ၄ရက်အကြာမှာပဲ အဖေနဲ့အမေ လမ်းခွဲခဲ့ကြောင်း၊ကလေးဘဝကနေအခုချိန်ထိ အခက်အခဲတွေအများကြီးရှိပေမယ့် အဖေ့ကိုလည်း အပြစ်မမြင်သလို ဒီလိုဒုက္ခရောက်ခဲ့ တာတွေကိုလည်း ၀မ်းမနည်းဘဲ ရင့်ကျက်တဲ့ အတွေးအခေါ်၊ ကြိုးစားချင်တဲ့စိတ်တွေ ဖြစ်တည်လာကာ ဘဝကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ကြောင်း နဲ့ဆယ်တန်းစာမေးပွဲကို ခက်ခဲစွာကျော်ဖြတ်ခဲ့ရပုံကိုအခုလို ပြောပြခဲ့ပါတယ်။

“အဖေက နွေးတို့နဲ့ အတူမနေတော့ နွေးတို့သားအမိနှစ်ယောက်ရဲ့ စားဝတ်နေရေးအတွက် နွေးသီချင်းတွေဆိုဖြစ်ခဲ့တယ်။ တစ်ခါဆိုရင် တစ်ည ၅၀၀၀ ရတယ်။ ၁၀ တန်းစာမေးပွဲ နီးနေတာတောင် သီချင်းလိုက်ဆိုနေလို့ ကျောင်းတွေကျူရှင်တွေပျက်ခဲ့ရတယ်။ စာမေးပွဲဖြေဖို့ ၄၁ ရက်ပဲ လိုတော့တဲ့အချိန်မှာ ၄၅ ရက်အပြတ် ကျူရှင်ကလေးသောင်းနဲ့ဖွင့်တယ်။ နွေးလက်ထဲမှာ နယ်မှာသီချင်းလေးရက်သွားဆိုထားတဲ့ ငွေနှစ်သောင်း ရှိတယ်။ အမေက ၁၀ တန်းအောင်မှ လူရာဝင်မယ်သမီးဆိုပြီး အသိတစ် ယောက်ဆီမှာ ၂၀၀၀၀ သွားချေးပြီး နွေးကိုကျူရှင်အပ်ပေးတယ်။ ကျူရှင် ဆရာကလက်မခံဘူး။ တစ်နှစ်လုံးလည်း ခဏခဏပျက်လာတယ်။ အခုလည်း ၄၅ ရက်အပြတ်မှာ ၄၁ ရက်ပဲကျန်တော့တယ်။ လက်မခံနိုင် ဘူးလို့ပြောတယ်။ အမေနဲ့နွေးနဲ့တောင်းပန်ပြီး စာမေးပွဲဖြေတဲ့ရက်အထိ လုံးဝကျောင်းမပျက်ပါဘူးလို့ ကတိခံပြီးတတ်ခဲ့တယ်။ အဲ့ဒီကြားထဲ ဘာပွဲမှ လက်မခံခဲ့ဘူး။ စာကိုနေ့ရောညရော အသားကုန်ကျက်ခဲ့တယ်။ စာမေးပွဲဖြေနိုင်ခဲ့တယ်။ ဒါပေမဲ့ စာမေးပွဲအခန်းမှာ မေ့လဲတဲ့အထိ အားပြတ်ခဲ့တယ်။ နောက်ပိုင်းမှာ အဖေခင်လှိုင် (ခင်လှိုင်ကို အဖေလိုချစ်လို့ခေါ်ခဲ့တယ်) နဲ့တွေ့ပြီး အဖေကနယ်မှာသီချင်းတွေဆိုဖို့ တောက်လျှောက်ခေါ်ခဲ့တယ်။ မှတ်မှတ်ရရ အဖေခင်လှိုင်တို့နဲ့ စခင်တာ နွေး ၁၀ တန်းအောင်စာရင်းထွက်တဲ့နေ့ပါပဲ။ အဖေခင်လှိုင်တို့ ငှားလို့ နယ်မှာသီချင်းဆိုနေရတဲ့အချိန် ၁၀ တန်းအောင်စာရင်းထွက်တော့ အမေ့ကို ရန်ကုန်ကိုဖုန်းဆက်ပြီး အောင်မအောင် စုံစမ်းခိုင်းတယ်။ အမေကဖုန်းလှမ်းဆက်မေးပေးပြီး သမီးအောင်တယ်တဲ့။ နွေးကလည်း သမီး သီချင်းမဆိုနိုင်မှာဆိုလို့ လိမ်ပြောတာလား အမေလို့တောင် ပြန်မေးခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီနှစ် တကယ်အောင်ခဲ့ပါတယ်”လို့ အိုအေစစ်ဂျာနယ်ကိုပြောကြားထားခဲ့ပါတယ်။

အနုပညာလုပ်ငန်းတွေစလတင်လုပ်စဉ်က နွေးနွေးချစ်ဖွယ်အနေနဲ့ သရုပ်ဆောင် အလုပ်ကို စတင်ကြိုးစားကာအနုပညာခရီးလမ်းစတင်ခဲ့ပေမယ့် ဖခင်ဖြစ်သူမြို့တော်ချစ်ဖွယ်ကသဘောမတူခဲ့ကြောင်း သိရပါတယ်။“ခက်ခဲကြမ်းတမ်းတဲ့ ဒီအလုပ်ကြီးကို သူကမလုပ်စေချင်တာပါ။ အဲ့ဒါနဲ့ နွေးလည်း အဖေစိတ်ဆင်းရဲနေမှာစိုးတာနဲ့ ဒီအလုပ်ကို ဆက်မလုပ်ဖြစ်တော့ဘူး” လို့ဆိုပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေ အနေနဲ့ MTV ရိုက်ကူးခြင်း၊သရုပ်ဆောင် လုပ်ငန်းများကို ဆောင်ရွက်မှုတွေ လုပ်နေကြောင်း သိရပါတယ်။

Aung

သတင်းအရင်းမြစ် အိုအေစစ်ဂျာနယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။