အမျိုးသမီးတွေအတွက် ကျန်းမာရေးဗဟုသုတလေးတွေ တင်နေကျဆိုတော့ ဒီနေ့မှာတော့ အမျိုးသားတွေနဲ့ပတ်သက်တဲ့ ကျန်းမာရေးအကြောင်းလေး ပြန်လည်မျှဝေပေမယ်နော်။

ကျား/မ ဖြစ်တည်မှု၊ မျိုးရိုးဗီဇနဲ့ စိတ်ပိုင်းဆိုင်ရာအချက်တွေက အသက်ကြီးလာချိန်မှာ ကြုံတွေ့ရတဲ့ ပြောင်းလဲမှုတွေအပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။ အရက် အလွန်အကျွံ မသောက်သော၊ ဆေးလိပ် မသောက်သော၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးပြီး ကိုယ်အလေးချိန် ထိန်းထားတတ်သော၊ ခုခံအားကောင်းသော အမျိုးသားတွေက အသက်ကြီးလာသော်လည်း အရွယ်တင်ပြီး ကျန်းမာပါတယ်။ အမျိုးသားတွေအတွက် အရွယ်တင်စေဖို့ လျှို့ဝှက်ချက် 7 ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

1. နှလုံးနှင့် သွေးတိုးရောဂါကို တိုက်ဖျက်ပါ။

အသက်ကြီးလာတာနဲ့အမျှ နှလုံးနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ လည်း မြင့်တက်လာပါတယ။် အသက် 60 အရွယ် အမျိုးသားတစ်ယောက်က နှလုံးရောဂါ ဖြစ်နိုင်ခြေ 75% ရှိပါတယ်။

သွေးတိုးရှိရင် သွေးပေါင် ပုံမှန်ထိန်းထားနိုင်ပါစေ၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာစားပါ။ ဆေးလိပ်ဖြတ်ပါ။

2. ဦးနှောက်ကို ထက်မြက်နေပါစေ၊ စိတ်လန်းဆန်းနေပါစေ။

အသက်ကြီးလာတာနဲ့အမျှ ဦးနှောက်ဆဲလ်လေးတွေ သေဆုံးပြီး ဦးနှောက်ပြောင်းလဲမှုတွေ ဖြစ်လာပါတယ။် မှတ်ဉာဏ်၊ မှတ်နိုင်စွမ်းအားနဲ့ တုန့်ပြန်နိုင်မှုတွေ လျော့ကျလာပါတယ်။ စိတ်ကျရောဂါလည်း အဖြစ်များပါတယ်။

စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေ၊ လူမှုရေးလုပ်ငန်းတွေ၊ ဂီတတွေ၊ မိတ်ဆွေတွေနဲ့ များများတွေ့ဆုံခြင်း၊ အိမ်မွေးတိရစ္ဆာန်လေးတွေမွေးခြင်း စတာတွေ ပြုလုပ်ပြီး ဦးနှောက်ကို လန်းဆန်းထက်မြက်နေအောင် ထားပါ။ စိတ်ကျရောဂါ ခံစားရရင် ဆရာဝန်ဆီမှာ အတိုင်ပင်ခံ ဆွေးနွေးမှု ခံယူပါ။

3. ခန္ဓာကိုယ်အတွင်းက ဇီဝကမ္မဖြစ်စဉ်ကို စောင့်ကြည့်ပါ။ အိပ်ရေးဝဝ အိပ်စက်ပါ။

ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုနဲ့ ဟော်မုန်းအပြောင်းအလဲတွေက ကိုယ်အလေးချိန်ကျခြင်း၊ တက်ခြင်းတွေ ဖြစ်စေပါတယ်။ အိပ်စက်ချိန်တွေကိုလည်း ပြောင်းလဲသွားစေပါတယ်။

အိပ်စက်မှုပြဿနာဖြစ်ရင် ပုံမှန်အိပ်နေကျအချိန်မှာ အိပ်ရာဝင်ပြီး ပုံမှန်အချိန်အတိုင်း အိပ်ရာထတဲ့ အလေ့အကျင့် ပြုလုပ်ပါ။ နေ့လည်ဘက် တရေးအိပ်တတ်တဲ့ အကျင့်ရှိတယ်ဆိုရင် ညဘက်အိပ်ချိန်ကို အနှောင့်အယှက် မဖြစ်စေဖို့အတွက် ထိန်းချုပ်ပါ။ ဒါတွေကို အိပ်ချိန်ကို ပုံမှန်ပြန်ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းကလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ကိုယ်အလေးချိန် ကျခြင်း၊ တက်ခြင်းတွေအတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

4. Testosterone (ကျားဟော်မုန်း) တွေကို ရမ်းပြီး မသောက်ပါနဲ့။

TV မှာ ဟော်မုန်းဆေးတွေ ကြော်ငြာကြပေမယ့် နာတာရှည်ရောဂါရှိသူတွေမှာ ဟော်မုန်းဆေးတွေ မသောက်သင့်ပါဘူး။ မောပန်းခြင်း၊ လိင်စိတ်နည်းခြင်း စတဲ့ ဟော်မုန်းနည်းတဲ့ ရောဂါလက္ခဏာအများစုက အခြားရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

လေ့ကျင့်ခန်း များများလုပ်ပါ။ တစ်ည 8 နာရီ အိပ်ပါ။

5. အသားအရေကို လျစ်လျူရှုမထားပါနဲ့။

အသက်ကြီးလာတာနဲ့အမျှ အရေပြားတွေ လျော့ရဲလာပြီး ထိခိုက်ဒဏ်ရာ ပိုပြီးဖြစ်စေနိုင်ပါတယ်။ နေလောင်ခြင်းကဲ့သို့သော အရေပြားပြဿနာတွေ ပိုပြီးကြံုတွေ့ရတတ်ပါတယ်။

အသားအရေပုံစံ၊ ထိတွေ့မှု၊ အရောင်အပြာင်းအလဲကို သတိထားကြည့်ပါ။ သံသယဖြစ်စရာ တစ်ခုခုတွေ့ရင် ဆရာဝန်ပြပါ။

6. ဆီးကျိတ်ပြဿနာတွေကို သေချာကုသပါ။

ဆီးကျိတ်ကြီးပြီး ဆီးနည်းခြင်း၊ ဆီး ခဏခဏသွားရခြင်းတွေ ဖြစ်တတ်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဆီးကျိတ်ရောင်ခြင်းတွေကလည်း ပိုဖြစ်လာတတ်ပါတယ်။

ဆီးပြဿနာတစ်ခုခုရှိရင် ဆရာဝန်နဲ့ပြပြီး ကုသမှု ခံယူပါ။

7. အရိုးပွနိုင်တဲ့ အပြုအမူတွေကို ရှောင်ကြဉ်ပါ။

အသက်ကြီးလာတာနဲ့အမျှ အရိုးပွလာပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေနဲ့ယှဉ်ရင် အသက်တော်တော်ကြီးမှ အရိုးပြဿနာတွေ ကြံုတွေ့ရတတ်ပေမယ့် ပေါင်ရိုးကျိုးခြင်းကဲ့သို့သော အရိုးပြဿနာတွေရဲ့ ပြင်းထန်မှုနဲ့ သေဆုံးမှုနှုန်းက အမျိုးသားတွေမှာ ပိုများပါတယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်း၊ အရက်နှင့် ဆေးလိပ် ရှောင်ကြဉ်ခြင်းတွေက အရိုးပွခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

>> ကျန်းမာရေး စစ်ဆေးမှုများ၊ ကုထုံးများ၊ ဖြည့်စွက်စာများ

သွေးပေါင်ချိန်၊ သွေးတွင်းအဆီဓာတ်နဲ့ ဆီးချိုရောဂါတွေကို ပုံမှန်စစ်ဆေးပါ။

အသက် 50 အရွယ်ကစပြီး အူမကြီးကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာကိုလည်း ပုံမှန်စစ်ဖို့ လိုပါတယ်။ ဆေးလိပ် သောက်တတ်တဲ့သူတွေမှာဆိုရင် အဆုတ်ကင်ဆာလည်း စစ်ရပါမယ်။

ယေဘုယျအားဖြင့်တော့ ဖြည့်စွက်စာတွေ စားဖို့မလိုပါဘူး။ တစ်ခါတလေ ဒီဖြည့်စွက်စာတွေက အန္တရာယ်တောင် ပေးနိုင်ပါတယ်။ အားဆေးသောက်မယ့်အစား အားရှိတဲ့အစားအစာတွေစားပါ။

ကိုယ်လက်လှုပ်ရှားမှု ရှိပါစေ။

ဒီအချက်တွေကို လိုက်နာခြင်းဖြင့် အသက်ကြီးလာချိန်မှာ ကောင်းကျိုးတွေကို ခံစားရပါလိမ့်မယ်။

သတင်းအရင်းမြစ် Dr. Mya Myo Myo Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။