ပြောင်းဖူးကို လူအများစုက ကြိုက်နှစ်သက်ကြပါတယ်။ ဒီတစ်ခါ ပြောင်းဖူးကို အရင် စားနေကျပုံစံမျိုး ပြုတ်၊ ဖုတ်၊ ကြော်တာမျိုး မဟုတ်ဘဲ ယိုးဒယားသဘောင်္သီးထောင်းလိုမျိုး ပြောင်းဖူးထောင်းလေးပဲ ဖြစ်ပါတယ်။

စားလို့ အရမ်းကောင်းတဲ့ ချိုချဉ်စပ် ပြောင်းဖူးထောင်းနည်းလေးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာနေရင်းဖြစ်ဖြစ်၊ သူငယ်ချင်းတွေ၊ မိမိ ချစ်သူ ခင်သူတွေကို လုပ်ကျွေးချင်တာ ဖြစ်ဖြစ် စိတ်ကူးပေါက်တုန်းလေး ဒီလိုလေး လုပ်စားလိုက်ရတာ အရမ်းအရသာရှိမယ်ဆိုတာ အသေအချာပါပဲ။ 

ပြုလုပ်ပုံအဆင်ဆင့်နဲ့ လိုအပ်တဲ့ ပါ၀င်ပစ္စည်းတွေကိုတော့ အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်တဲ့ ပါဝင်တဲ့ပစ္စည်းတွေက -

သကြားပြောင်း ၁ ဖူး

ရှမ်းပြောင်း ၁ ဖူး

ခရမ်းချဉ်သီးအသေး ၂ လုံး

ပုဇွန်ခြောက် နည်းနည်း

ငရုတ်သီး ၆ တောင့်

ပဲတောင့်ရှည် ၂ တောင့်

ကြက်သွန်ဖြူ ၄ မွှာ

သံပရာသီး ၂ လုံး

ထန်လျက် အသေး ၄ လုံး

ပြုလုပ်ပုံ အဆင့်ဆင့်

ပြောင်းဖူးက သကြားပြောင်းအဝါနဲ့ ထောင်းတာများပါတယ် တစ်ချို့ကျတော့လည်း ရှမ်းပြောင်းအစီးကို ထည့်ထောင်းကြပါတယ်။ ရှမ်းပြောင်းနဲ့ဆိုရင်တော့ စီးစီးပိုင်ပိုင်နဲ့ စားလို့ပိုကောင်းပါတယ်။ အခုတော့ သကြားပြောင်း ၁ ဖူး ရှမ်းပြောင်း ၁ ဖူး ကို ဓါးနဲ့ လှီးလိုက်ပါ။ ထို့နောက် ကြက်သွန်ဖြူ ငရုတ်သီး ထန်းလျက် ပုဇွန်ခြောက်တွေကို ထောင်းပြီး ငံပြာရည် ထမင်းစားဇွန်း ၃ ဇွန်းလောက်ထည့်ပါ။ ခရမ်းချဉ်သီး ပဲတောင့်ရှည် ထည့်ပြီး တစ်ချက် ၂ ချက်လောက်ထောင်းပြီးရင် ပြောင်းဖူးတွေထည့်လိုက်ပါ။ သံပရာသီး ညှစ်ထည့် ပြီး ဖြေးဖြေးလေး ၄ ချက် ၅ ချက် လောက်ထောင်းပါ။ အရသာ အပေါ့အငံမြည်းပါ။ သင့်အနေနဲ့ အရသာ အတော်ပဲ ဆိုရင်တော့ နောက်ဆုံးမှာ လှပတဲ့ ပန်းကန်လေးတစ်ချပ်ထဲ ထည့်လိုက်ပါ။ 

ဒီလိုဆိုရင်တော့ အရသာရှိလှတဲ့ ပြောင်းဖူးထောင်းလေးကို သင် အရသာရှိရှိ သုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။