ကျောင်းပြီးပြီးချင်းပဲဖြစ်ဖြစ် အဝေးသင်တက်နေရင်းပဲဖြစ်ဖြစ် အလုပ်စဝင်တော့မယ်ဆိုရင် ပထမဆုံးလုပ်ငန်းခွင်ဖြစ်တဲ့အတွက် ဘဝအတွက် တစ်ဆစ်ချိုးပါပဲ။ လုပ်ငန်းခွင်ဆိုတာတော့ ကိုယ့်အိမ်မှာ မိသားစုနဲ့နေသလို ကျောင်းတက်တုန်းက သူငယ်ချင်းတွေနဲ့ ပျော်ပါးခဲ့သလို နေချင်တိုင်းနေ သွားချင်တိုင်းသွားလို့မရတော့ပါဘူး။ 

တစ်ခါမှ ပြောဆိုဆက်သွယ်ဖူးခြင်းမရှိတဲ့ သူစိမ်းပေါင်းစုံနဲ့ အတူတူတွဲပြီးလုပ်ကိုင်ရမှာဖြစ်တဲ့အတွက် စီနီယာလည်း ရှိမယ် ဂျူနီယာဆိုတာလည်း ရှိမှာမို့ ကျင့်ဝတ်စည်းကမ်းတွေကတော့ ပိုများလာပါပြီ။ ပထမဆုံးလုပ်ငန်းခွင်က ကိုယ့်အတွက် အသစ်အသစ်သော သင်ယူမှုတွေနဲ့ ပညာရပ်တွေအပြင် လူမှုဆက်ဆံရေးပညာတွေကိုပါ

အတွေ့အကြုံတွေရရှိစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ ပထမဆုံးအလုပ်စဝင်တဲ့နေ့မှာ အလုပ်ကစည်းမျဉ်းတွေလိုက်နာဖို့နဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေါင်းသင်းဆက်ဆံရေး ပြဿနာရပ်တွေဖြေရှင်းနိုင်စွမ်းတွေ ဘယ်လောက်ထိ ရှိရမလဲဆိုတာ လိုအပ်လာပါတယ်။

အဲ့ဒီအချက်တွေကို တစ်ချက်ဖတ်ကြည့်နော်။

သင့်ကိုကျောင်းက သင်ပေးလိုက်မှာမဟုတ်တဲ့ လိုအပ်တဲ့အလုပ်ခွင်ကျွမ်းကျင်မှု

သင်ဟာ ဘယ်လိုစွမ်းရည်မြင့်တက္ကသိုလ်ကြီးမှာပဲတက်လာလာ၊ ဘယ်လိုလက်မှတ်တွေပဲ ရလာလာပါ။ အဲဒီ့နေရာတွေက သင်မရနိုင်တဲ့အရာတွေရှိနေပါတယ်။ ဒါကတော့ လုပ်ငန်းခွင်ကျွမ်းကျင်မှုတွေပဲ ဖြစ်ပါတယ်။ သင့်အတွက် ဒါတွေကို အလုပ်က သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။ အနည်းဆုံး အချိန်ပြည့်အလုပ်တစ်ခုမှာ သင် ခြောက်လလုပ်ကိုင်ပြီးမှသာ အဲဒီ့လုပ်ငန်းခွင်ကျွမ်းကျင်မှုဆိုတဲ့ ဘာသာရပ်ကို သင် သင်ကြားတက်မြောက်လာမှာ ဖြစ်ပါတယ်။

သင် ဆောက်လုပ်ရမယ့် အလုပ်ခွင်အတွက် အဝတ်ဗီဒိုကြီးတစ်ခု

အလုပ်သွားဖို့ အဝတ်ဘီဒိုကြီး ဆောက်ရမယ်ဆိုတော့ ဘာကြီးလားလို့တော့ ထင်မှာပဲနော်။ သင် နေ့စဉ်နေ့တိုင်း အပြင်ထွက်ရတော့မှာပါ။ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတော့မှာပါ။ အဲဒီ့အခါ သင့်ရဲ့ ၀တ်စားဆင်ယင်မှုဟာလည်း အရင်ကထက် အရမ်းကို အရေးပါတဲ့နေရာကို ရောက်သွားပါပြီ။ သင့်ရဲ့ဝင်ငွေကိုလည်း အကြီးအကျယ်ထိခိုက်မှုမရှိပဲ လှပကျော့ရှင်းစတိုင်ကျနေအောင် ၀တ်ရတော့မှာပါ။ လုပ်ငန်းခွင်ဝင်တော့မယ်ဆိုရင် လူငယ်တုန်းကလိုတော့ တွေ့ကရာကောက်ဝတ်သွားလို့ အဆင်မပြေနိုင်တော့ပါဘူး။

ပထမဆုံးနေ့မှာပဲ သင့်ကို အထင်ကြီးလေးစားအောင် လုပ်ရဦးမယ်လေ

အလုပ်အင်တာဗျူးဝင်ရသလိုပါပဲ။ ပထမဆုံးလုပ်ငန်းခွင်ဝင်တဲ့နေ့က သင့်အတွက် စိန်ခေါ်မှုတွေအပြည့် ဖြစ်နေမှာပါ။ နောက်ပိုင်းကျ ဘယ်လိုရင်းနှီးသွားလိမ့်မယ်ပြောပြော ပထမဆုံးနေ့မှာတော့ သင့်ကို လုပ်ဖော်ကိုင်ဖက်တိုင်းက အထင်ကြီးလေးစားဖို့ နည်းနည်းဖြစ်ဖြစ်တော့ လိုဦးမှာပါ။ အဲဒီ့အတွက် သင်ဟာ အလုပ်အားလုံးကို နားလည်တက်မြောက်နေဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ကောင်းကောင်းဝတ်သွားပါ။ သင်ယူပါ။ လေ့လာပါ။ မသိတာရှိရင် မေးပြီး သွက်သွက်လက်လက်နေပါ။

အလုပ်သစ်ဆိုတာ တစ်ခါတစ်လေ ရေကူးလေ့ကျင့်ခန်းတစ်ခုလိုပါပဲ

သင်က အခုမှ လုပ်ငန်းခွင်ကို ပထမဆုံးဝင်တဲ့သူမို့လို့ သင့်ရဲ့ အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေက က ကနေ အ အထိ အစအဆုံးလိုက်သင်ပေးမှာပဲလို့ သင်တွေးသွားမယ်ဆိုရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်။ အလုပ်ခွင်ဆိုတာ ဘာနဲ့တူလဲဆိုရင် ရေမကူးတတ်တဲ့သူကို ရေထဲကန်ချလိုက်သလိုပါပဲ။ ရေမွှန်းမခံနိုင်ရင် ရေပေါ်ရောက်အောင် တက်သမျှမှတ်သမျှနဲ့ ကြိုးစားပြီး ကူးခတ်ရပါလိမ့်မယ်။ ဒီလိုပါပဲ အလုပ်ခွင်က သင်ကို သီအိုရီပဲ သင်ပေးမှာပါ။ ကျန်တာကိုတော့ အောင်မြင်ချင်ရင် သင့်ဘာသာသင် အလိုက်သင့် လေ့လာလုပ်ဆောင်ရပါလိမ့်မယ်။

ရင်းနှီးဖော်ရွေဖို့လိုသလို လိုက်လျှောညီထွေ နေထိုင်ရပါဦးမယ်

အလုပ်ကတော့ အမိုက်စားပဲ။ လစာလည်းကောင်းတယ်။ ၀ါသနာနဲ့ ၀မ်းစာလည်း တစ်ထပ်တည်းကျတယ်။ ဒါပေမယ့်လည်း အလုပ်ခွင်ထဲမှာ သူငယ်ချင်းမိတ်ဆွေတစ်ယောက်မှမထားပဲ တစ်ယောက်တည်းနေမယ်ဆိုရင်တော့ ဘယ်လိုအလုပ်ပဲဖြစ်ဖြစ် ကြာရင် ငြီးငွေ့လာပါလိမ့်မယ်။ အလုပ်စဝင်ခါစ အစပိုင်းမှာတော့ မိတ်ဆွေဖြစ်ဖို့ ရှိမ်းတိမ်းဖိမ်းတိမ်းဖြစ်နေဦးမယ်ဆိုတာနားလည်ပေမယ့် ကျန်တဲ့သူတွေက သင့်ရဲ့ စီနီယာတွေဖြစ်နေတာမို့လို့ သင့်ဘက်ကစပြီး ရင်းနှီးကျွမ်းဝင်လိုက်ပါနော်။ နေ့စဉ်နေထိုင်လုပ်ကိုင်နေရတဲ့ အလုပ်ခွင်လိုနေရာမျိုးမှာ တစ်ယောက်တည်းနေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။

သင့် Boss ကို လေ့လာဖို့ကိုလည်း အရေးကြီးတဲ့အချက်ထဲ ထည့်ထားပါ

အလိုက်ကန်းဆိုးမသိတဲ့သူလို့တော့ အဖြစ်မခံပါနဲ့။ အလုပ်ဘယ်လောက်တော်တော်၊ ပညာဘယ်လောက်တတ်တတ် ပါးရည်နပ်ရည်မရှိရင် အလကားပါပဲ။ တစ်ခါတစ်လေ တစ်ချို့ကိစ္စတွေဟာ စာအုပ်ကြီးအတိုင်း လုပ်လို့မရတဲ့အခါတွေလည်း ရှိတယ်ဆိုတာကို ခေါင်းထဲမှာ အသေထည့်ထားပါ။ သင့်ရဲ့ Boss က ဘယ်လိုလူမျိုးလဲ။ သူက ဘယ်လိုဝန်ထမ်းမျိုးကို သဘောကျလဲ။ နောက်ပြီး သူနဲ့ ထိပ်တိုက်မတွေ့ဖို့အတွက် ဘယ်လိုအပြုအမူမျိုးတွေကို ရှောင်ရမလဲ။ ဒါတွေကို အလုပ်ဝင်ခါစ တစ်လလောက်အတွင်းမှာပဲ ရေလည်အောင်သာ လေ့လာထားပါ။ ဒါဆိုရင်တော့ သင့်အတွက် အလုပ်မှာ စိတ်ညစ်စရာ သိပ်ရှိလာမှာ မဟုတ်ပါဘူး။

တစ်သက်လုံးတော့ အလုပ်ခွင်မှာ အချိန်မဖြုန်းနိုင်ပါဘူး

ခွင့်ယူဖို့ကြောက်တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် အလုပ်တောထဲမှာ ဖိထားတာမျိုး၊ ငါ အလုပ်တစ်သက်လုံးကြိုးစားမယ်ဟဲ့ဆိုပြီး ဘယ်လောက်ကျုံးဝါးကျံုးဝါး ဒါ အစမို့လို့ပါပဲနော်။ မရှက်ပါနဲ့။ ဒါလူတိုင်းပါပဲ။ တစ်ချိန်လုံး အလုပ်ခွင်မှာ အချိန်ဖြုန်းနေဖို့ မလိုပါဘူး။ လစာလေးထုတ်ပြီးသွားရင် စားစရာရှိတာစား၊ သွားစရာရှိတာသွား စသည်ဖြင့် ပျော်စရာတွေရှာပါ။ စိတ်ပင်ပန်းလာပြီဆို ခွင့်ယူပြီး ခရီးသွားဖို့ မကြောက်ပါနဲ့။ သင် အလုပ်လုပ်သလောက် သင် ပျော်ရွှင်ဖို့ သင့်ကိုယ်သင်လည်း အခွင့်အရေးပေးလိုက်ပါဦး။ အစပိုင်းမှာ အများကြီးလုပ်ပြနေလို့ လူအထင်ကြီးခံရနိုင်ပေမယ့် နောက်ပိုင်းမလုပ်နို်င်တော့တဲ့အခိုက် လူရယ်စရာကြီးဖြစ်နေပါဦးမယ်။ ပုံမှန်လေးပဲ သွားပါ။

သင့်ရဲ့ ပထမဆုံးအလုပ်ခွင်ဝင်တာကတော့ တော်တော်လေးကို ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းမှာပါ။ အလုပ်ခွင်ထဲဝင်လိုက်တာနဲ့ အရင်တုန်းက လူငယ်တစ်ယောက်လို စိတ်ရှိတိုင်း လုပ်ချင်သလို လုပ်လို့မရတာတော့ အမှန်ပါပဲ။ အလုပ်ခွင်ထဲဝင်လိုက်တာနဲ့ အရင်တုန်းက လူငယ်တစ်ယောက်လို စိတ်ရှိတိုင်း လုပ်ချင်သလိုလုပ်လို့မရတော့တာ အမှန်ပါပဲ။ စိတ်လျှော့ရမယ့်အပိုင်းတွေ ရှိသလို အားအင်အပြည့်နဲ့ ကြိုးစားရမယ့်အပိုင်းတွေလည်း ရှိနေပါတယ်။ အလုပ်ဆိုတာ အလုပ်က သင်သွားမှာပဲဆိုတာမှန်ပေမယ့် တစ်ခါမှ အလုပ်မဝင်ဘူးတဲ့သူတစ်ယောက်အတွက်တော့ လေ့လာသင့်စရာတွေ အများကြီးရှိနေပါတယ်။ ပထမဆုံးအလုပ်ခွင်ဝင်တဲ့နေ့မှာ ကြောင်တိကြောင်တောင်ဖြစ်မနေရအောင် သင့်ကိုယ်သင် အကောင်းဆုံးပြင်ဆင်သွားပါ။ သင်ဟာ ပထမဆုံး ဒါပေမယ့် အကောင်းဆုံးဖြစ်ပါစေ။ 

သတင်းအရင်းမြစ် Moda

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။