သူအကြောင်းကတော့ လွန်ခဲ့တဲ့ ၂နှစ်လောက်တည်းက လိုင်းပေါ်မှာပြန့်နှံ့နေတာဖြစ်တဲ့အတွက် သိတဲ့သူတွေလည်း သိကြမှာပါ။ ဟုတ်ပါတယ်..သူဟာ အီရန်လူမျိုး အသက် ၈၂ နှစ်အရွယ် အဘိုးအို Amoo Hadji ဖြစ်ပါတယ်။ အီရန်နိုင်ငံ တောင်ပိုင်းက Dejgah ဆိုတဲ့ရွာငယ်လေးမှာ နေထိုင်သူဖြစ်ပါတယ်။ သူဟာ ရေမချိုးတဲ့နေရာမှာ နှစ်ပေါင်း ၃၈နှစ် ရေမချိုးတဲ့ အိန္ဒိယလူမျိုး Kailash Singh ကိုကျော်ဖြတ်ပြီး ခန္ဓာကိုယ် အညစ်ပတ်ဆုံးလူသားအဖြစ် စံချိန်တင်ထားသူဖြစ်ပါတယ်။ 

ဒီလိုရေမချိုးတာလည်း ရည်ရွယ်ချက်တစ်ခုခုကြောင့် မဟုတ်ပဲ သူ့အကြောင်းနဲ့ သူဖြစ်ပါတယ်။ သူရဲ့ခန္ဓာကိုယ်ဟာ ရေနဲ့ ဓာတ်မတည့်သူလို့ ခံယူထားသူဖြစ်ပြီး ရေနဲ့ သန့်ရှင်းလိုက်တာနဲ့ ရောဂါတွေဝင်လာတယ်လို့ သူက ဆိုပါတယ်။ ဒါဟာ သူ နှစ်ပေါင်း ၆၀ ကျော် ရေမချိုးတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ သူ့ရဲ့အသားအရောင်ဟာ မြေကြီးရောင်နဲ့ ထပ်တူဖြစ်နေတာကို မြင်တွေ့ရမှာပါ။ တကယ်လို့ သူသာ ငြိမ်ငြိမ်လေးထိုင်နေ ရပ်နေမယ်ဆိုရင် အားလုံးက ကျောက်ရုပ်တစ်ရုပ်လို့ပဲ ထင်မိကြမှာပါ။ သူူဟာတစ်ကိုယ်တည်းနေတဲ့ လူပျိုကြီးလည်းဖြစ်ပါတယ်။

သူဟာ ရေချိုးခြင်းကို မုန်းပါတယ်။ ဒါအပြင့် လတ်ဆတ်တဲ့အစားအစာတွေကိုလည်း မုန်းပါတယ်။ သူအကြိုက်ဆုံးအစားအစာတွေက အပုတ်အသိုး အဆွေးအမြေ့တွေဖြစ်ပါတယ်။ ရေကိုမုန်းတဲ့သူဟာ ကျန်းမာရေးအတွက်ရေ ငါးလီတာကို နေ့စဉ်သောက်ပါတယ်။ ဒီလိုသောက်တဲ့နေရာမှာလည်း ညစ်ပတ်နေတဲ့သူရဲ့သံခွက်ကြီးတစ်ခွက်နဲ့ သောက်လေ့ရှိတာပါ။ သူဟာ ဆေးတံသောက်ရတာကိုလည်း အလွန်ကြိုက်ပါတယ်။ ဒီလိုသောက်တဲ့နေရာမှာ ဆေးရွက်ကြီးကိုထည့်မသောက်ပဲ တိရစ္ဆာန်တွေရဲ့မစင်တွေကို ထည့်ပြီးသောက်တတ်ပါတယ်။ သူဆံပင်တွေရှည်လာရင်လည်း ညှပ်မပစ်ပါဘူး ၊ ဆံပင်ကိုမီးနဲ့ရှို့ပြီး ငြိမ်းသတ်လေ့ရှိပါတယ်။ သူ့မှာ စစ်ဦးထုပ်အဟောင်းကြီးတစ်လုံးရှိပြီး ဆောင်းရာသီမှာ ဆောင်းလေ့ရှိပါတယ်။

သူ့မှာ အိမ်မရှိပါဘူး။ ကမ္ဘာကြီးက သူ့အိမ်လို့ခံယူထားသူပါ။ သူဟာ အများအားဖြင့် သုသာန်က မြေကျင်းတွေထဲမှာ နေတတ်လေ့ရှိပြီး တခါတရံမှာတော့ ရွာသားတွေက သူ့အတွက် အုတ်နဲ့ဆောက်ပေးထားတဲ့ အိမ်ထဲမှာ အိပ်တတ်လေ့ရှိပါတယ်။ ဒါပေမယ့် ဒါဟာ တခါတရံပါ။ သူဟာ ဒီလို ထူးဆန်းတဲ့ ဘဝပုံစံမှာနေတတ်သူဖြစ်ပါတယ်။ ရွာသားတွေရဲ့အဆိုအရတော့ သူအသက် ၂၀ ဝန်းကျင်မှာ စိတ်ထိခိုက်စရာ ကြီးကြီးမားမား ကြုံခဲ့ရပြီး အဲဒီအချိန်ကစလို့ သူ့ရဲ့ခံယူချက်တွေ အမြင်တွေပြောင်းလဲသွားတာ လို့သိရပါတယ်။ သူ့အယူအဆနဲ့ သူကတော့ မှန်တယ်လို့ ထင်ရမှာပါ။ နေချင်သလိုနေပေမယ့် အသက် ၈၀ကျော် ဝန်းကျင်မှာ ကျန်းကျန်းမာမာ ရှိနေတုန်းပါ။ သူ့မှာ ဘာမှဆုံးရှုံးစရာမရှိတဲ့အတွက် သူဟာ အပျော်ဆုံးလူသားလို့ ခံယူထားသူဖြစ်ပါတယ်။ သူဟာ ဘာကိုမှ ဂရုမစိုက်တတ်သလို ဘာကိုမှလည်းမကြောက်တတ်ပဲ အမြဲပျော်ပျော်ရွှင်ရွင်နေနေလေ့ရှိတဲ့ ရှာမှရှားလူသားတစ်ဦးဖြစ်ပါတယ်။

သတင်းအရင်းမြစ် Thutamm

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။