ရာသီအချိန်အခါမရွေး စားလို့ရတဲ့ အချိုပွဲလေး တစ်ခုအကြောင်းကို တင်ဆက်ချင်ပါတယ်။ လူတိုင်း နှစ်သက်လိမ့်မယ်လိုယူဆတဲ့ အချိုပွဲလေးတစ်ခုဆိုလည်း မမှားပါဘူး။ ဒါကတော့ ကော်ဖီကျောက်ကျော လုပ်နည်းပဲ ဖြစ်ပါတယ်။ ကော်ဖီအုန်းနို့ ကျောက်ကျောနဲ့ ကော်ဖီ ပူတင်းကျောက်ကျော ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။ 

ကော်ဖီအုန်းနို့ ကျောက်ကျော

ပါ၀င်ပစ္စည်းများ

အုန်းနို့ - ၁ခွက်နှင့် တစ်ဝက် ( လက်ဖက်ရည်ပန်းကန်လုံး)

နွားနို့ - ၁ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)

သကြား - ၁ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)

ရေ - ၃ ခွက် (လက်ဖက်ရည်ပန်းကန်လုံး)

ကျောက်ကျောမှုန့် - ၂ ဇွန်း (ထမင်းစားဇွန်း )

ဆား - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)

ကော်ဖီမှုန့် - ၂ ဇွန်း (ထမင်းစားဇွန်း )

မှတ်ချက်။ ။ သန့်စင်ပြီးသကြားကိုမသုံးပါက သကြားကိုကျိုပြီး ပထမဦးစွာ အနည် စစ် ထားရပါမယ်..။ 

ပြုလုပ်ပုံအဆင့်ဆင့်

ပထမဆုံး..အုန်းနို့ကိုဆူပွက်အောင်တည်ပြီးအအေးခံထားပါ။ အုန်းနို့ အနည်းငယ်အေးပြီးဆိုရင်တော့ အုန်းနို့၊ နွားနို့၊ သကြား လေးပုံ တစ်ပုံ၊ ကျောက်ကျောမှုန့် တစ်ဇွန်းနှင့် ဆားတစ်ဝက်ကို ရောသမအောင် မွှေပြီး အိုးတစ်လုံးတွင်ထည့်ပါ။ အပူချိန် မပြင်းလွန်းသော မီးအနေအထားဖြင့် ဆူပွက်သည်အထိ တည်ပါ။ ဝေမကျအောင် အထူးဂရုစိုက်ပါ။ ဆူပွက်လာလျှင် သန့်စင်သော အအေးခံဗန်းမှာ လောင်းထည့်ပြီးအအေးခံထားပါ။

ထိုစဉ်အတွင်း ကော်ဖီမှုန့်ကို ရေနွေးအနည်းငယ်နှင့် ပျော်အောင်ဖျော်ပေးပါ။ ရေ၊ ကျောက်ကျောမှုန့်၊ ကျန်ရှိသော သကြားတစ်ဝက် နှင့် ဆားတို့ကို နှံ့အောင်မွှေပြီး အိုးတစ်လုံးမှာအပူပေးပါ။ ဆူပွက်ပြီး ၂မိနစ်လောက် အကြာမှာ မီးလျှော့ထားပါ။

ထို့နောက် အုန်းနို့ကျောက်ကျော၏ အပေါ်ယံအရေတွေတင်းမာပြီးတစ်ဝက်လောက် အေးနေပြီဆိုရင် ကော်ဖီကျောက်ကျောအရည်ကို အုန်းနို့ကျောက်ကျောပေါ်သို့လောင်းချပါ။ ဒါကတော့ အုန်းနို့တစ်ထပ်၊ ကော်ဖီ တစ်ထပ်ပြုလုပ်နည်းပဲ ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ အုန်းနိူ.ကျောက်ကျောတွေကို လုံးဝအေးခံသွားအောင် အချိန်ယူပြီး လေးတောင့်တုံးလေးများအဖြစ် ပိုင်းဖြတ်ထားပါ။ ကော်ဖီကျောက်ကျောရည်ကို ဗန်းထဲထည့်အအေးခံပြီး ၁၀မိနစ်လောက်အကြာမှာ အုန်းနို့ကျောက်ကျောတုံးလေးများကို ကော်ဖီကျောက်ကျောရည်ထဲသို့ နေရာအနှံ့ လိုက်ထည့်ပေးပါ။ ဒါဆိုရင်တော့ ကော်ဖီကျောက်ကျောထဲမှာ အဖြူရောင်တုံးလေးတွေနစ်မြှုပ်နေတဲ့ ဒီဇိုင်းဆန်းဆန်း ကော်ဖီအုန်းနို့ ကျောက်ကျောပဲ ဖြစ်ပါတယ်..။

ကော်ဖီ ပူတင်းကျောက်ကျော

ကြက်ဥပူတင်းလုပ်ရန် ပါ၀င်ပစ္စည်းများ

ကြက်ဥ ၄လုံး (၂၀၀ မီလီလီတာ)

နွားနို့ ၂၀၀ မီလီလီတာ

သကြား ၄ စားပွဲဇွန်း

ဆား အနည်းငယ်

ဗင်နီလာအနံ့ ၁/၂ လက်ဘက်ရည်ဇွန်း

ထောပတ် အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

ကြက်ဥပေါင်းမည့် ခွက်ကို ထောပတ် ပါးပါးနှံ့စပ်အောင်သုပ်ထားပါ။ ကြက်ဥနှင့် သကြားရောပီး အဝါနုရောင် ဖြစ်လာတဲ့အထိ ခေါက်ပါ။

ဆားနဲ့ ဗင်နီလာ အနံ့ ၊ နွားနို့ ထည့်မွှေပါ၊ ကြက်ဥရည်ကို ထောပတ်သုပ်ထားသောခွက်ရဲ့ ၄/၃ အထိဖြည့်ပါ၊ သတ္တုစက္ကူ ဖြင့် ဖုံးပေးပါ။

ပေါင်းမည့်အိုးတွင် ရေ ၁ လက္မခန့်ထည့်ပါ။ ဇကာခံပါ။ ဇကာပေါ် ကြက်ဥခွက်ထည့် ပီး ၁၅-၂၀ မိနစ် မီး အေးအေးဖြင့်ပေါင်းပါ။ ကျက်သောအခါ အအေးခံပီး အတုန်းလေးများလှီးထားပါ။ ရေခဲသေတ္တာ အအေးထပ်တွင်ထည့်ပီး အအေးခံထားပါ။ 

ကော်ဖီပူတင်းပြုလုပ်ရန် ထပ်မံလိုအပ်သော ပစ္စည်းများ

ကော်ဖီ ၃၆၀ မီလီလီတာ

လူရိုင်းခေါင်းတံဆိပ်ကျောက်ကျောမှုန့် ၅ ဂရမ် ( အစိမ်းရောင်အထုပ်)

သကြား ၄-၅ စားပွဲဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

ကော်ဖီကျောက်ကျောလုပ်ဖို့အတွက် ကော်ဖီဖျော်တဲ့အခါ brew လုပ်ထားတဲ့ကော်ဖီကို အသုံးပြုလျှင် ပိုပြီး သင့်တော်ပါတယ်။ instant coffee သုံးသူတွေကျတော့ အချိုအတွက် သကြားကို လိုအပ်သလို လျှော့ထည့်ရပါလိမ့်မယ်။

ကော်ဖီကို ကျောက်ကျောကျိုမည့်အိုးတွင်ထည့်ပါ။ ကျောက်ကျောမှုန့် ၊ သကြားကိုရောမွှေပေးပါ၊ ကျိုနေစဉ် မကြာခဏမွှေပေးပါတယ်။

ကျောက်ကျောမှုန့်တွေ ရေဆူထဲမှာ လုံးဝပျော်ဝင်သွားဘီဆိုရင် မီးဘိုပေါ်က ဖယ်ပါ၊ ပူနေတဲ့ ကျောက်ကျောအိုးကို ရေအေး ဇလုံထဲမှာ ခဏလောက်ထည့်ပီးလှုပ်ပေးလိုက်ပီး အပူလျှော့သွားအောင် လုပ်ပေးပါ၊

အပူလျှော့သွားတဲ့ကျောက်ကျောရည်ကို အခဲခံမည့် လေးထောင့် ဗန်းထဲမှာထည့်၊ အအေးခံထားတဲ့ ကြက်ဥပူတင်းလေးတွေကို မိမိစိတ်ကူးရသလို နေရာချထည့်ပေးပီး အအေးခံပါ။

အခုဆိုရင်တော့ ကော်ဖီအုန်းနို့ကျောက်ကျောရော ၊ ကော်ဖီပူတင်းကျော်ကျောရော လုပ်နည်းတွေ သိပြီမို့ ကိုယ်တိုင်လုပ်စားဖို့နဲ့ ချစ်ခင်ရသူတွေကို ကျွေးဖို့ပဲ ကျန်တော့တယ်နော် …. အရသာရှိတာလေးတွေ စားရင်း ကျန်းမာလှပသော ဘဝတွေကို ပိုင်ဆိုင်နိုင်ကြပါစေ … ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။